Sunday, November 4, 2012

ABSDF ၂၄ နှစ်မြောက်အခမ်းအနား (ဆစ်ဒနီ)


၂၄ နှစ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အခမ်းအနားနှင့်ABSDF  တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိတ်ဆွေများ ညစာ မိတ်ဆုံစားပွဲအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 2/11/12 နေ့၌ ညနေ ၇ နာရီခန့်မှ ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ရာ နယူးဆောက်ဝေး ပြည်နယ်နှင့် သြစကြေးလျားနိုင်ငံ မြို့တော် ကမ်ဘာရာရောက် ABSDF တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများ၊ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများများမှ အဖွဲ့သင်များ၊ ဆစ်ဒနီမြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ် ညီမငယ်တဦး ဖြစ်သူ သံစဉ်ရတနာက ဆောင်ရွက်ခဲ့ပြီး  ABSDF Australia, Sydney Branch မှ အတွင်းရေးမှူးများ အဖွဲ့ဝင် တဦးဖြစ်သူ ကိုသန်းထွဋ်ဆွေက အခမ်းအနားကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို ညနေ ၇ နာရီခန့်မှာ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး  ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ပါသည်။

 အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးနောက် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အလးပြုပြီး ABSDF မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသေဆုံး ရဲဘော်များအား ဂုဏ်ပြုပြီး ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် တမိနှစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ဒံပေါက်ထမင်းမြင့် ညနေစာ မိတ်ဆုံ စားသောက်နေစဉ် ABSDF ၂၄ နှစ်ကြာ လှုပ်ရှားခဲ့သည့် မှတ်တမ်းတင် ဓာတ်ပုံတွေကို ဆလိုက်ထိုး ပြသခဲ့ပါသည်။

ကိုသန်းထွဋ်ဆွေမှ ကျေးဇူးတင်စကားနှင့် အခမ်းအနား ကျင်းပရခြင် ရည်ရွယ်ချက်ကို ပြောကြားနေစဉ်
ပြီးနောက် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့သော ဗီဒီယိုကို ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ကိုသန်းထဋ်ဆွေမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် လုပ်အား ငွေအားဖြင့် ၀ိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်စကားနှင့် အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခြင်း၊ အခမ်းအနား အထိမ်းအမှတ်အဖြစ် အခမ်းအနားအကြိုနေ့ရက်တွေမှာ ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းပွဲတွင် ဆုရရှိသော အသင်းများစာရင်းကို ကိုနိုင်အောင်က ကြေညာပြီး ဆုချီးမြှင့်ခဲ့ပါသည်။ ပြီးနောက်မှာတော့ တေးဂီတ ဖျော်ဖြေမှု အစီစဉ်ဖြင့် အခမ်းအနားကို ဆက်တိုက်ကျင်းပသွားပြီး အဆုံးသတ်ခဲ့ပါသည်။ 
ABSDF ဗဟိုမှ ၂၄ နှစ်မြောက် ထုတ်ပြန်ချက်ကို ABSDF တပ်ရင်း (၂၀၇) မှ တပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်ခဲ့သူ ကိုဝင်းဦးက ဖတ်ကြားပြီးနောက်၊ ကိုသန်းထွဋ်ဆွေက  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ လုပ်အား၊ ငွေအား ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ပြီးနောက် တဆက်တည်းမှာ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ABSDF တပ်ဖွဲ့ဝင်ဟောင်းများအား ABSDF ကို နိုင်သည့်နည်းနှင့် ပံ့ပိုးကူညီကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။ ပြောကြားချက် အသေးစိတ်ကို အောက်မှာ ဖေါ်ပြထားပါသည်။ 
အခမ်းအနားသို့  တက်ရောက်သူ တဦးချင်းစီအား လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာဖြင့် ကြိုတင်ရောင်းချထားခြင်း (သို့) အခမ်းအနားအ၀င်ဝတွင် ရောင်းချပြီး ABSDF ဗဟိုကို ပို့ပေးရန် အတွက် ရန်ပုံငွေကို စုဆောင်းခဲ့ပါသည်။ ညစာစားပွဲမှ လက်မှတ်ရောင်းချရာမှ ရရှိသည့် ရန်ပုံငွေအပြင် ABSDF တပ်ဖွဲ့ဝင်ဟောင်းမိသားစုတချို့မှ စေတနာထက်သန်စွာဖြင့် သီးသန့် ငွေသားထည့်ဝင်လှူဒါန်းခြင်းများလည်း ရှိကြောင်းသိရပြီး ညစာစားပွဲလက်မှတ် ရောင်းချ၍ ရရှိသောရန်ပုံငွေနှင့် ငွေသားသီးသန့်လှူဒါန်း၍ ရရှိသည့် ဤအခမ်းအနား အထိမ်းအမှတ်အဖြစ် ရရှိသော ရန်ပုံငွေ အားလုံးကို နယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ ကိုသန်းထွဋ်ဆွေ ပြောကြားခဲ့သည့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် အသေးစိတ်ကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကိုအေးပိုင်မှ ဒေါင်းတမန်သီချင်းကို သီဆိုနေစဉ်


ပိုက်ကျော်ခြင်းတွင် ပထမဆုရရှိသော အသင်းကို ကိုနိုင်အောင်က ကြေညာပြီးနောက် အသင်းကိုယ်စားလှယ် ကိုစနေက ဆုယူစဉ်

အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်

 မြန်မာနိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တွေဟာ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့တယ်။ ဖိနှိပ်အုပ်ချုပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် ABSDF ကျောင်းသားတပ်မတော်ဆိုတာ ပေါ်ပေါက်လာခဲ့တယ်ဆိုတာ မျိုးဆက်သစ် လူငယ်တွေကြားမှာ အမြဲသတိရနေစေချင်ပြီး စစ်အာဏာရှင်စနစ်ဆိုး မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထပ်မံမပေါ်ပေါက်ရန်အတွက် ပညာပေးအစီစဉ်တရပ်ဖြစ်တယ်။ ABSDF ရဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွင်း အသက် သွေးချွေးပေါင်းများစွာနဲ့ တိုက်ပွဲဝင်လာခဲ့ တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကို ငါတို့အသက်ခန္ဓ္ဒ‘ာတည်မြဲနေသ၍ ဘယ်တော့မှ မမေ့ဘူးဆိုတာ အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ ကျင်းပတဲ့ပွဲဖြစ်သလို နောက်တခုက ဆစ်ဒနီမှာရှိတဲ့ ရဲဘော်ဟောင်းတွေသာမက ကျွန်တော်တို့ မိသားစုတွေဟာ မွေးနေ့ပွဲ ပါတီပွဲတွေမှာ ခဏခဏ တွေ့ခဲ့ကြပေမဲ့ ဒီလိုမျိုး တနေရာ တချိန်တည်းမှာ တွေ့ခဲ့တာမျိုး မဟုတ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး တွေ့ဆုံကြပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေးအတွက် ရည်ရွယ်ပါတယ်။


  ဒီနေ့ဟာ ၈၈ အရေးတော်ပုံကြီးကနေ ပုခုံးပြောင်းတာဝန်ပေးလိုက်လို့ ပေါ်ပေါက်လာတဲ့ ABSDF ဟာ ဦးတည်ချက် ၄ ရပ်ကိုချမှတ်ကာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့တဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ ကျောင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ထူထောင်ခဲ့တဲ့ ၂၄ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တာကို လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ဓါးဓါးချင်း လှံလှံချင်း ရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ် ချမှတ်ကာ စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့တဲ့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့တနေ့ဖြစ်သလို တိုင်းရင်းသားလူမျိုးစုတွေက သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံအရ ဗမာလူမျိုးတွေအပေါ် မြင်နေကြတဲ့ မဟာဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ အမြင်တွေကို လျှော့နည်းစေပြီး ဗမာလူမျိုးများနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြားမှာ နားလည်မှုတွေ စတင်ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ အာဏာရှင်တဖြစ်လဲ အရပ်သားအမည်ခံ အစိုးရဲ့ ပြောင်းလဲမှုတွေဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ယူတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေပဲဆိုတာ အားလုံးနားလည်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အသေချူပ်ကိုင်ထားတာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးတာ၊ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ အဓမ္မသိမ်းတာ၊ တရားစီရင်နေရးမှာ အထက်အမိန့်အတိုင်း စီရင်ဆုံးဖြတ်နေတာ၊ နိုင်ငံရေး အကျည်းသားတွေ ကျန်ရှိနေသေးတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ခြင်း မရှိသေးတာ စတဲ့အချက်တွေကို ကြည့်ရင် လက်ရှိပြောင်းလဲမှုတွေဟာ တကယ်မဟာဗျူဟာအရ ပြောင်းလဲမှု မဟုတ်ဘဲ အစိုးရတရပ်အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့အတွက် နည်းဗျူဟာအရ အပေါ်အယံ ပြုပြင်ပြောင်းလဲမှုများသာဖြစ်နေတာကို တွေ့ရပါတယ်။

ကျွန်တော်တို့အနေဖြင့် မဟာဗျူဟာ အဂ္ဂမဟာဗျူဟာအရ အပြောင်းအလဲတွေ ဖြစ်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ အတည်ပြုခြင်း၊ နိုင်ငံရေး စစ်ရေးနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးခြင်း၊ အမျိုးသားပြန်လည် သက်မြတ်ရေးအတွက် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံနွေးအဖြေရှာရေးနှင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အသိအမှတ်ပြုခြင်း အစရှိတဲ့ ပြောင်းလဲမှုတွေကို အကောင်အထည်မဖေါ်နိုင်သ၍ အစိုးရရဲ့ ဒီပြောင်းလဲမှုတွေဟာ အာဏာထိန်းချုပ် ပြောင်းလဲမှုတွေသာ ဖြစ်ကြောင်းကို သိထားရမှာ ဖြစ်တယ်။ အနှစ်သာရရှိပြီး တိုင်းပြည်ဆင်းရဲတွင်းမှ ကယ်တင်နိုင်မဲ့ ပြောင်းလဲမှု၊ ဒီမိုကရေစီ ရှင်သန်ပြီး ပြည်တွင်းစစ်မဲ့ နိုင်ငံမျိုး ဖြစ်တည်မယ့် ပြောင်းလဲမှုဆိုတာကို မတွေ့ရသေးဘူး။

 ယနေ့အချိန်မှာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက် ၄ ရပ်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ ပြည်သူတွေဟာ (၁) စစ်အာဏာရှင် စနစ်အောက်မှာ ဖိနှိပ်ခံနေရတုန်း၊ (၂) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို တားဆီးပိတ်ပင်ခံနေရတုန်း၊ (၃) ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ အိပ်မက်သဖွယ် ဖြစ်နေတုန်း၊ (၄) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ရှိပြီး တွေ့ဆုံဆွေးနွေး အဖြေမရှာနိုင်သေးသ၍ ဖက်ဒရယ်ပြည်ထောင်စုဆိုတာေ၀၀ါးနေဆဲပဲ ဖြစ်တယ်။ အခုချိန်မှာ ABSDF ဟာ အတွင်းသဏ္ဍန်အရ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်မြေပေါ်မှာ အခြေခံထားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်။ အခုဆို ကချင်မှာရှိတဲ့ ABSDF ရဲဘော်တွေက KIA နဲ့ လက်တွဲပြီး အရပ်ဝတ်လဲအာဏာရှင် အစိုးရကို တိုက်ပွဲဝင်နေကြတယ်။ ကျွန်တော်တို့တတွေဟာ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူတွေ မဟုတ်သော်လည်း တတ်နိုင်သည့်နေရာကနေ လက်ရှိအချိန်ပြည့် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအတွက် ကူညီနိုင်ပါတယ်။ ABSDF အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

ဒါကြောင့် ဒီမှာရှိတဲ့ ABSDF ရဲဘော်ဟောင်းတွေကို မေတ္တာရပ်ခံ တိုက်တွန်းချင်တာကတော့ ABSDF Australia Branch နဲ့ ဖြစ်စေ၊ ဗဟိုနဲ့ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141

Tuesday, September 11, 2012

၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည်နေ့အတွက် ဒေါက်တာမြင့်ချို ပြောခဲ့သော မိန့်ခွန်း





အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အများမြင်တွေ့နိုင်တဲ့ တနေရာမှာ သိမ်းထားပေးလိုက်ရင်တော့ အခမ်းအနားမတက်သူတွေလည်း အချိန်မရွေး ဖတ်လို့ရမယ်၊ မှတ်တမ်းလည်း အမြဲရှိနေမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ အချက်တွေကို ဘလော့ဂ်မှာ တင်ပေးဖို့ ယူလာခဲ့ပေမဲ့ အခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ကျွန်မ ဆက်တိုက်အလုပ်များခဲ့ပြီး စာပြန်ရိုက်မအားတာကြောင့် အခုမှ တင်ပေးရတဲ့အတွက် အားလုံးကို တောင်ပန်ပါတယ်။ ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည် အခမ်းအနားအကြောင်း သတင်းကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ အခုဒီိပို့စ်က အခမ်းအနားမှာ ဒေါက်တာမြင့်ချိုပြောခဲ့တာကို သီးသန့်တင်ပေးထားတာ ဖြစ်တယ်။

အားလုံးမင်္ဂလာပါ။
အခုလို သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ (၂၄) နှစ်မြှောက် အထိမ်းအမှတ် အခမ်းအနားမှာ၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ (၈) လေးလုံးနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ပြောကြားခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ အထူးဂုဏ်ယူမိပါတယ်။ အခုလို စကားပြောဖို့ ဖိတ်ကြားခဲ့တဲ့ ABSDF, Australia branch ကိုလည်း ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ (၂၄) နှစ်တုန်းက မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားတွေ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူတရပ်လုံး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကျနော်တို့လည်း ဖားအံမြို့မှာ လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက စစ်တပ်ကိုသုံးပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့လို့ အာဇာနည် (၃၀၀၀) ကျော် အသက်ပေးကြွေလွင့်ခဲ့ရပါတယ်။ ဒါအပြင် ရာပေါင်းများစွာကို ဖမ်းဆီးထောင်ချပစ်ပြီး တသောင်းကျော်ကိုလည်း နယ်စပ်ဒေသတွေကို မောင်းထုတ်ခဲ့ကြတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားသူ တသောင်းကျော်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်တာမရခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အဖွဲ့တွေနဲ့ မိတ်ဆွေဖွဲ့၊ နိုင်ငံတကာကို ထိုးဖေါက်စည်းရုံး၊ ပြည်တွင်းလူထုကို နိုင်ငံရေး စည်းရုံးမှုတွေလုပ်၊ ဒီလိုနဲ့ ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းလှုပ်ရှားလာခဲ့ကြတယ်။ အသက်တွေလည်း ပေးခဲ့ရတယ်။ တကယ်တော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်သလို ရှစ်လေးလုံး အရေးတော်ပုံကြီးကလဲ (၁၉၆၂) ခုနှစ်၊ (၁၉၇၄) ခုနှစ်၊ (၁၉၇၆) ခုနှစ် ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။

ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ပေမဲ့ အင်မတန် တန်ဖိုးကြီးတဲ့ သင်ခန်းစာတွေပေးခဲ့သလို သမိုင်းအမွေအနစ်တွေကိုလည်း ပေးခဲ့ပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာ ရသလဲဆိုတာကို ကျနော်ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အရေးတော်ပုံကာလမှာ ကျောင်းသားနဲ့ ရဟန်းရှင်လူ ညီညွတ်မှုကြောင့် အာဏာရှင် လက်ပါးစေ အစိုးရ (၃) ဆက်ပြုတ်ကျခဲ့ပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြား ညီညွတ်ခိုင်မာတဲ့ နိုင်ငံရေး ဦးဆောင်မှု မရှိခဲ့လို့ မဟာဗျူဟာ ရေရှည်လုပ်ငန်းတွေ မချမှတ်နိုင်ခဲ့လို့ စစ်တပ်ကို ကြားမချနိုင်ခဲ့လို့ အောင်ပွဲနဲ့လွဲခဲ့ရတယ်။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင်အပါအ၀င် ဒီမိုကရေစီ ခေါင်းဆောင်တွေကို အနာဂတ် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် မွေးထုတ်ပေးခဲ့တယ်။ ပြည်သူလူထုကြီးတရပ်လုံးကိုလည်း ဒီမိုကရေစီလိုချင်လာအောင် ကိုယ်တိုင်လည်း ပါဝင်ထောက်ခံ လှုပ်ရှားချင်လာတဲ့ စိတ်ဓာတ်ကို မွေးစေခဲ့တယ်။ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း တကမ္ဘာလုံး သိလာအောင် လှုံ့ဆော်ပေးခဲ့တယ်။

ဒါတွေအပြင် မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ABSDF ကိုလည်း နယ်စပ်ဒေသမှာ ပေါက်ဖွားစေခဲ့ပါတယ်။ တချိန်က တသီးတခြားစီ ရှိနေခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လူမျိုးစု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှု နှစ်ခုကို ပေါင်းစပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းပေးမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်း ပေါ်ပေါက်စေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အကြိမ်ကြိမ် ထောင်ကျခဲ့ပေမဲ့ လူထုထောက်ခံမှုနဲ့ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသော်လည်း တိုင်းပြည်အုပ်ချုပ်ခွင့်မရဘဲ ချေမှုန်းဖြိုခွင်းခံခဲ့ရပေမဲ့ ကနေ့အထိ သတ္တိရှိရှိ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်နေတာဟာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး စိတ်ဓာတ်ကြောင့်ပါပဲ။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းလက်ဆက်ကမ်းအမွေတွေကို အောက်မေ့ကျေနပ်နေဖို့ထက် ရှစ်လေးလုံးစိတ်ဓာတ် အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ကျနော်တို့တတွေ ရောက်ရာအရပ် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနေကြဖို့လိုပါတယ်။ မိတ်ဆွေတချို့ကတော့ နိုင်ငံခြားမှာ နေပြီး ဒီမိုကရေစီရေးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ပြောကြဆိုကြတာတွေ ကနေ့အထိ ကျနော်ကြားနေရပါတယ်။ ဒါလည်း မဆန်းပါဘူး။ မြန်မာစကားပုံတခု ရှိပါတယ် "လိုရင်ကြံဆ နည်းလမ်းရ" ကျနော်တို့ တကယ်လုပ်ပေးချင်တယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် လုပ်နိုင်တဲ့နည်းလမ်းတွေကို တွေးတောကြံစည် အကောင်အထည်ဖေါ်ရပါမယ်။ တိုင်ပင်ဆွေးနွေးရပါမယ်။ ကျနော်တို့အားလုံး ပြိုင်တူတွန်းလျှင် အရွေ့ တခုကို ဖြစ်စေနိုင်ပါတယ်။ အားလုံးကြားသိနေရတဲ့အတိုင်း (၂၄) နှစ်ကျော်ကာလမှာ ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပလှုပ်ရှားမှုတွေ တွန်းအားတွေ၊ ဖိအားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကိနေ စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြောင်းခဲ့ရတယ်။ ဒါဟာ အရွေ့ တခုပါပဲ။ ဒီအရွေ့ကို ကျေနပ်နေလို့မရပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘက်ကို ဆက်ရွှေ့အောင် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။

ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပေါအ၀င် တရားဥပဒေ စိုးမိုးရေးရှိအောင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရှိအောင် စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လာအောင် အဓိကကြိုးပမ်းသွားမယ်။ ဒီအတွက် ပြည်တွင်းပြည်ပက အင်အားစုတွေ အားလုံး ထောက်ခံကူညီကြပါလို့ အတိအလင်း ထုတ်ဖေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ အားလုံးအတွက် ခိုင်မာတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုမျိုး ရှိနေပြီး မဟာဗျူဟာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီ။. လုပ်ချင်တဲ့စိတ်မွေးပြီး လုပ်သင့်တဲ့လုပ်ငန်း၊ သင့်တော်တဲ့ လုပ်နနည်းလုပ်ဟန်တွေကို ကြံဆပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ပဲ လိုပါတယ်။ အဓိကက ကျနော်တို့ သြစကြေးလျားမှာ လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေ၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍကို ထောက်ခံအားပေး ကူညီတာမျိုးပဲ ဖြစ်ရပါမယ်။

နိုင်ငံရေးပညာပေးမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေးတွေလို ဆောင်ရွက်ပေးနေကြတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီဖို့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လုပ်ဆောင်မှုတွေကို မျက်ခြေမပြတ်လေ့လာပြီး သူတို့ကို ဘက်ပေါင်းစုံက ထောက်ခံကူညီလာအောင် သြစကြေးလျား အစိုးရ၊ ပါလီမန်၊ အလုပ်သမားသမဂ္ဂ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေကို စည်းရုံးလှုပ်ဆော်ကြဖို့လိုပါတယ်။ ကျနော်တို့ Burma office ကလည်း ဒီအတွက် ကြိုးပမ်းသွားမယ်။ တချိန်တည်းမှာပဲ ကျနော်တို့ကိုယ်တိုင်လည်း နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး လူမှုအထောက်အကူပြုရေးဘက်မှာ ကိုယ်စိတ်အားထက်သန်ရာ ကဏ္ဍကနေ ပါဝင်ကူညီကြဖို့လိုပါတယ်။ ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေတွေကိုလည်း ပြောပြတိုက်တွန်းဖို့လိုပါတယ်။

အရေးကြီးတဲ့ နောက်တခုကတော့ ကျနော်တို့ လှုပ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်နေတာ ရပ်ဆိုင်းအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ ရပ်ဆိုင်းအောင်၊ လက်ရှိမတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းလာအောင်၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်မဆုံး ဖေါ်ဆောင်အောင်၊ စစ်တပ်ကြီးစိုးရေး အခြေခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်အောင် တွန်းအားပေးတာမျိုး ဖြစ်ရပါမယ်။ အရွေ့တွေကို အသိအမှတ်ပြုနေ ကျေနပ်နေရုံနဲ့ မရပါဘူး။ ဆက်တွန်းကြဖို့လိုပါတယ်။ သြစကြေးလျား အစိုးရနဲ့ ပါလီမန်၊ အလုပ်သမားသမဂ္ဂတွေကိုလည်း ဦးသိန်းစိန်အစိုးရကို ဒါတွေ လုပ်ဆောင်လာအောင် ဖိအားပေးဖို့ တောင်းဆိုရမယ်။

နောက်အရေးကြီးတာတခုကတော့ လက်ရှိအာဏာရှင်လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့တပ်မတော် ဖြစ်လာအောင် ကြိုစားပြီး စည်းရုံးကြဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ါ်ဓာတ်၊ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံး လိုလားတောင်းတတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အထိ ဆထက်တပိုး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာမြင့်ချို


ရွှင်လန်းချမ်းမြေ့ကြပါစေ။

Friday, September 7, 2012

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍

မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်

၁။ ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျေုာင်းသားတပ်မတော်) မြန်မာပြည် မြောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။

၂၊ ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်နှင့် အညီ မိမိတို့အဖွဲ့အစည်းအတွင်း၊ ဘယ်တုန်းကမှ မမေ့နိုင်ခဲ့သလို ဓမ္မဓိဋ္ဌာန်ကျသည့် သမိုင်းမှတ်တမ်းတခု ဖော်ထုတ် နိုင်ရေးအတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပါသည်၊

၃။ ထို့ကြောင့် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက်အမှတ် (၂) အရ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအလုပ်အဖွဲ့အား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အောက်ပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီးဖြစ်ပါသည်။

(က) သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့်အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်သွားနိုင်ရေး၊

(ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊

(ဂ) သက်ဆိုင်သူများအားလုံး နားလည်ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှု ရရှိစေရေး၊

(ဃ) မကဒတ၊ ကျောင်းသားထု နှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း တည်ဆောက်သွားနိုင်ရေး၊

(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်း လာစေရေး - တို့ဖြစ်သည်။

၎။ သို့ဖြစ်ပါ၍ ယနေ့ကာလတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်း ဖြေရှင်းသွားရန် လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်သည်။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။



--
ABSDF-HQ
e-mail: absdfhq@csloxinfo.com
website: www.absdf8888.org

Wednesday, August 8, 2012

24th Anniversary of 8888, Sydney






၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF  သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 5/08/12 နေ့၌ ကျင်းပခဲ့ရာ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊  မြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ၊ ဆစ်ဒနီဒေသခံများ စုစုပေါင်း အင်အား၂၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။  ထိုအခမ်းအနားတွင်  အခမ်းအနားမှူးအဖြစ် ABSDF နယူးဆောက်ဝေး ဌာနခွဲ အတွင်းရေးမှူးများအဖွဲ့ဝင် တဦးဖြစ်သူ ကိုဝင်းဇော်ဦးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  ညနေ ၃နာရီမှ  ၇ နာရီအထိ ကျင်းပခဲ့ပါသည်။

အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးသည်နှင့် အလေးပြုခြင်းသုံးရပ်ဖြစ်သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအလေးပြုခြင်း၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်းကျဆုံးသွားသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့်တမိနစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ပြီးနောက် ရှစ်လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းတင် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့ သော အဖွင့်အမှာစကားအား ဗွီဒီယိုဖြင့် ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည့်မှ ဆစ်ဒနီမြန်မာ ကွန်မြူနီတီမှ ဒေါက်တာကျော်မြင့်၊ ၉၀ ခုနှစ်မှ ရွေးကောက်ခံခဲ့ရသည့် NLD အမတ်တဦးဖြစ်သူ ဦးမောင်မောင်အေး၊ Burma office မှ ဒေါက်တာမြင့်ချိုနှင့် နယူးဆောက်ဝေး ပါလီမန်မှ လွှတ်တော်အမတ်များဖြစ်ကြသော  Jamie Parker နှင့် John Kaye တို့မှ အသီးသီး မိန့်ခွန်းပြောကြားခြင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း ဒေါင်းတမန်အပါအ၀င် တေးဂီတများဖြင့် သီဆိုဖြေဖျော်ခြင်း၊ ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်း စသည့်အစီစဉ်များကို ပြုလုပ်၍ ညနေ ၇ နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။ 

ABSDF မှ ပေးပို့သော သ၀ဏ်လွှာကို ကိုနိုင်အောင်က ဖတ်ကြားပြီးနောက် တဆက်တည်းမှာ  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ဖိတ်ကြားထားသော ဧည့်သည်များမှ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ဒေါက်တာကျော်မြင့်က မြန်မာဒီမိုကရေစီအရေးအတွက် ရှစ်လေးလုံးကာလအတွင်းတွင် အသက်ပေးဘ၀ပေးတိုက်ပွဲဝင်ခဲ့သော သူရဲကောင်းအပေါင်းအား အလေးပြုကြောင်းနှင့် မပြီးပြတ်သေးသည့် တိုက်ပွဲအတွက် ကျန်သောသူများမှ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တိုက်ပွဲဝင်နေသူအားလုံးကိုလည်း အလေးပြုကြောင်း ပြောကြားခဲ့ပါသည်။ 

ဦးမောင်မောင်အေးက ပြောကြားရာတွင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာပုံနှင့်  မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်အခန်းကဏ္ဍများ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲအပေါ် ၎င်း၏သဘောထားနှင့် ဆက်လက်လုပ်ဆောက်သင့်သည့် အကြံပြုချက်များဟူ၍  ကဏ္ဍသုံးခုခွဲ၍ ပြေကြားသွားခဲ့ပါသည်။

ဒေါက်တာမြင့်ချိုမှ  ရှစ်လေးလုံး ကာလနှင့် ရှစ်လေးလုံးနောက်ပိုင်း  မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု၏ အရေးပါသော အခန်းကဏ္ဍကို ၎င်းဖြတ်သန်းခဲ့သော အတွေ့အကြုံများဖြင့် ယှဉ်တွဲ၍ ပြောကြားသွားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ရှစ်လေးလုံးနောက်ပိုင်း ပေါ်ပေါက်လာသည့် ABSDF ၏ ဗမာနှင့်တခြား တိုင်းရင်းသားများအကြား ရေရှည်ဖြစ်ပေါ်နေသည့် ပြဿနာများကို ပြေလည်စေရန် ၀င်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပုံနှင့် ယနေ့  အခမ်းအနားသည် မျိုးဆက်သစ် လူငယ်များလည်း တက်ရောက်သဖြင့် ၈ လေးလုံး စိတ်ဓာတ် အမြဲတမ်းရှင်သန်နေရန် လိုအပ်ကြောင်းနှင့် နောင်အနာဂတ်တွင် သမိုင်းဆိုး အမွေအနှစ်များ မပေါ်ပေါက်စေရန်ပညာပေး မြှင့်တင် သွားရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသွားပါသည်။

 New South Wales ပြည်နယ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသော Green Party မှ John Kaye က မြန်မာ့နိုင်ငံရေးကို သုံးသပ်ရာတွင် မြန်မာပြည်၏ လက်ရှိပြောင်းလဲမှုများသည်မလုံလောက်သေးကြောင်း တိုးတက်သော ဒီမိုကရက်တစ်နိုင်ငံတော် တရပ်ဖြစ်ရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသေးကြောင်းင့် မိမိအနေနှင့် မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောကြားသည့်အခါတိုင်း ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကာလ အတွင်း မြန်မာနိုင်ငံရှိ လမ်းမများပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလုပ်ခဲ့ပြီး အာဏာလွှဲအပ်ခြင်းမခံရသည့် အဖြစ်အပျက်များကို အမြဲတမ်း ထည့်ပြောလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲနေသည်ဟု ပြောနေစေကာမူ မိမိအနေနှင့် မည်သူမဆို  မိမိ၏ နိုင်ငံရေးခံယူချက်ကို လွတ်လပ်စွာ စိုးရိမ်ကြောက်ရွံမှုကင်းစွာနှင့် ရဲရဲဝံ့ဝံ့ မပြောနိုင်သေးသ၍ ဒီမိုကရေစီ အရေးအောင်မြင်မှု ရှိနေပြီဟု မယူဆကြောင်း၊ သို့သော်လည်း တနေ့တွင် အောင်ကိုအောင်မြင်ရမည်ဟု လုံးဝယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

Jamie Parker မှလည်း  ၎င်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာ့နိုင်ငံရေးကို လေ့လာသိရှိခဲ့သူဖြစ်ကြောင်း ယခင်ကတည်းကပင် ABSDF  နှင့်ထိစပ်မှုရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်ခန့် က မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့ပြီး ဦးဝင်းတင်၊ ကိုမင်းကိုနိုင် ကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံစကားပြောခဲ့ကြောင်း၊ မြန်မာ့လွှတ်တော်မှာ ဒီမိုကရေစီကို ကိုယ်စားပြုသည့် ထိုင်ခုံ (seat) က အလွန်ပင်နည်းပါးနေသေးကြောင်းနှင့် မြန်မာ့ နိုင်ငံရေးသည် အပေါ်ရံအားဖြင့် ပြောင်းလဲသည်ဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် လွန်ခဲသည့် အနှစ်နှစ်ဆယ်ခန့် မှ အခြေအနေများနှင့် မကွာခြားသေးကြောင်း ပြောကြားပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ပြသွားခဲ့ပါသည်။

 

အခမ်းအနားတွင် ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်းအပြင် မြန်မာအစားအစာများ ချက်ပြုတ်ရောင်းခြခြင်းလည်း ပါဝင်ပြီး ရရှိသည့် ရန်ပုံငွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှ မွေးဖွားပေါ်ပေါက်ပြီးနယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141
ဝင်းဇော်ဦး     (News and Information Dept.)  614 49 880 400

Wednesday, August 1, 2012

ရေညှိမတက်တဲ့ လမ်းမ

ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း၅၀ စွန်းခဲ့ပကော။

ဟုတ်လို့လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက်ရှာဖွေ။

မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖြန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေးနီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန်တေး ဆိုကြလိမ့်မယ်။

ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။

အေး ...ဟုတ်တယ်
ဓားဓားချင်း လှံလှံချင်းပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။

မောင်လွမ်းဏီ၃၁-၇-၂၀၁၂

 

Tuesday, June 26, 2012

Nyo Htet (Lann Thit Oo) - Articles

Nyo Htet (Lann Thit Oo) - Articles
ဂျင်းဘောင်းဘီ အပြာ
ညိုထက် (လမ်းသစ်ဦး)
ဇွန် ၂၅၊ ၂၀၁၂

(၁)
ကျနော့်ကို ဗမာမိဘများမှ ဗမာပြည်မှာ မွေးသည်။ ကျနော်သည် ဗမာပြည်သားဖြစ်သည်။ ကျနော့်အသက် ၄၀ ထဲ ရောက်လာပြီ ဖြစ်သော် လည်း ယခုထိတိုင် ပုဆိုးကောင်းကောင်း မ၀တ်တက်။

(၂)
ရှစ်လေးလုံးအရေးတော်ပုံကို ရှစ်တန်းကျောင်းသားဘ၀နှင့် ကြုံတွေ့ခဲ့ရသည်။ တွက်ကြည့်တော့ ကျနော့်အသက် ၁၄ နှစ်။ ဆယ်ကျော် သက်အရွယ်ဖြစ်ပေမယ့် နိုင်ငံရေးဆိုသည်က ကျနော့် အသွေး အသားထဲသို့ ဒုတ်ဒုတ်ထိ တိုးဝင်သွားသည်။ သမဂ္ဂစိတ်ဓာတ်က တဖြန်းဖြန်း။ တိုက်ပွဲလမ်းကို တိုးဝင်ခဲ့သည်။ ဤသို့ဖြင့် အချိန်သိပ်မကြာ။ မိမိကိုယ်ကိုပြန်ကြည့်သော အခါ မဲနယ်တောင်တန်းပေါ်က သူပုန်ကျောင်းသား။

ကျနော်ဟာ ကလေးစစ်သားများလား။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ဆန်နီပြောသည့်စကားကို သတိရမိသည်။ “ပုံမှန်မဟုတ်တဲ့အခြေအ နေမိုလို့ တော်လှန်ရေးဆိုတာပေါ်လာတာ။ ဘယ်သူကမှ ကလေးစစ်သားမစုဆောင်ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံမှာ ကလေးတွေလည်း “မဆလ” ကို အလိုမရှိခဲ့တာပဲ။” ဖြစ်ပုံက ဘောင်းဘီတိုလေးနှင့် ကျောင်းသွားနေတုန်း “မဆလ” က ကျနော့်ကို တောထဲမောင်းပို့ခဲ့သည်ဟု မှတ်တမ်းတင်ရမည်ဖြစ်သည်။ ပုဆိုးအစမ်းဝတ်စမှာပင် တောခိုခဲ့ရသော သူပုန်ကျောင်းသား ကျနော်သည် တောထဲရောက်သည့်အခါ “ကျောင်းသားတပ်မတော်” ရဲ့ စစ်ယူနီဖောင်းကိုဝတ်ရသည်။ ခုံခုံမင်မင်။ မြတ်မြတ်နိုးနိုး။ သေနတ် - အီကွေ့မန့် - ခြုံစောင် - မိုးကာ - ကျော ပိုးအိပ်စာကြည့်တိုက်။ ကျနော့်တွင် ၀တ်စရာ ပုဆိုးမရှိ။ ထိုသို့ဖြစ့် ဆယ်စုနှစ် တခုထိတိုင်။

ပြီးနောက် …။ တိုက်ခိုက်ရေးရဲဘော်တာဝန်မှသည် ဗဟိုရုံးတာဝန်များကို ရွှေ့ပြောင်းထမ်းဆောင်ရသည်။ ပြန်ကြားရေး - စည်းရုံးရေး - သု တေသန။ ပုဆိုးအစမ်းဝတ်ခါစမှာ တောခိုလာပြီး တိုက်ခိုက်ရေးရဲဘော်အဖြစ် တောထဲတွင် နှစ်အတော်ကြာ နေထိုင်လာခဲ့သည့် ကျနော့် အနေဖြင့် ဗဟိုရုံးတာဝန်များကို ထမ်းဆောင်သည့်အချိန်တွင်လည်း ပုဆိုးမ၀တ်ဖြစ်။ ပုဆိုးမ၀တ်တက်တော့။ စစ်ယူနီဖောင်း ဘောင်ဘီမှသည် အရပ်ဝတ်ဘောင်းဘီသို့ ပြောင်းလဲဝတ်ဆင်ခဲ့သည်။ အရပ်ဝတ်ဘောင်းဘီကိုဝတ်ရသည့်အခါ ကျနော်အကြိုက်ဆုံးနှင့် ယနေ့ထိတိုင် ခုံခုံမင် မင် စွဲစွဲမြဲမြဲဝတ်သည့်ဘောင်းဘီက “ဂျင်း” ဘောင်းဘီ။ “ဂျင်း” ဘောင်းဘီကိုကျနော့်အကြိုက်ဆုံး။ အဲဒီ “ဂျင်း” ဘောင်းဘီမှာမှ အကြိုက် ဆုံးအရောင်က “အပြာ”။

(၃)
“ဂျင်း” ဘောင်းဘီဆို၍ သတိရစရာတခု ရှိသည်။ သုံ့ပန်း တပ်မတော်သားလေးတဦးနှင့် ကျနော်တို့ ကျောင်းသားရဲဘော်များကြားမှ “ဂျင်း” ဘောင်းဘီအကြောင်း။

ကျနော် “ကျောင်းသားတပ်မတော်” မှာ ရဲဘော်အဖြစ်တာဝန်ယူစဉ် ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ရပြီး သမိုင်းကြောင်းနှင့် စပ်ဆက်နေသည့် စခန်းနေရာ ၂ နေရာရှိသည်။ ၁၉၉၁ ခုနှစ်များလောက်ဆီက ဖာပွန်မြို့နယ် သံလွင်မြစ်တနေရာရှိ “ဒါးဂွင်” ဆိုသည့်နေရာကို ကျနော် တို့ကျောင်းသားများက ဗဟိုဌာနချုပ်တည်ထောင်ပြီးနေခဲ့သည်။ ထိုနေရာကိုလည်း “ဒါးဂွင်” မှသည် “ဒေါင်းဂွင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ဒေါင်းဂွင်” ဌာနချုပ်တွင် ကျနော့်ရဲ့မိခင်တပ်ရင်းဖြစ်သည့် အမှတ် ၆၀၁ တပ်ရင်းအတွက် တပ်တည်နေရာပေးထားသည့် နေရာရှိသည်။ ထိုပေးထားသည့် တပ်တည်နေရာသည် ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တွင်စစ်ပညာသင်ပြီး ယိုးဒယားတွင် တပ်မတော်ဖွဲ့ကာ ဗမာပြည်ကို ၀င်ခဲ့စဉ်က စခန်းချခဲ့သည့်တောင်ကုန်းဖြစ်သည်။

နောက်တနေရာက “လေးဝါး” စခန်း။ ရဲဘော်သုံးကျိပ်ကိုစုဆောင်းစဉ်က ဗကသများအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကော်မတီများလည်း ပါဝင်ခဲ့သည်။ ထိုအလုပ်အမှုဆောင်ကော်မတီဝင်များထဲတွင် ထိုအချိန်က (ဗကသ) များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သည့် “ဗိုလ်ရန်နိုင်” လည်း အပါအ၀င်ဖြစ်သည်။ ကျနော့်မိခင်တပ်ရင်း တပ်တည်နေရာသည် ဗိုလ်ချုပ်အောင်ဆန်း စခန်းတည်ခဲ့သည့်နေရာဖြစ်သလို “လေးဝါး စခန်း” သည်လည်း ထိုအချိန်က ရဲဘော်သုံးကျိပ်ဝင် (ဗကသ) များအဖွဲ့ချုပ် အတွင်းရေးမှူး ဗိုလ်ရန်နိုင် စခန်းတည်၍ ဖက်ဆစ်ဂျပန်များကို တိုက်ခဲ့သည့် နေရာဖြစ်သည်။

ထို “လေးဝါးစခန်း” ကို စတင်ဖွဲ့တည်ခဲ့သည့်သူက ယခု “ကျောင်းသားတပ်မတော်” တွင် “ဗဟိုစစ်ကော်မရှင်” အတွင်းရေးမှူး တာဝန်ယူ ထားသည့် “ဗိုလ်ခင်ကျော်” ဖြစ်သည်။ ဗိုလ်ခင်ကျော်သည် လေးဝါးစခန်းကို အလကားရခဲ့သည်မဟုတ်။ တိုက်ပွဲများဖြင့် လေးဝါးစခန်းကို ရယူခဲ့ရခြင်းဖြစ်သည်။ လေးဝါးစခန်းတွင် ကျောင်းသားတွေ တပ်စခန်းမချနိုင်ရေးအတွက် ရန်သူစစ်အုပ်စုမှ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြ သည်။ ထိုထိုးစစ်များကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လေးဝါးစခန်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လေးဝါးစခန်းကို တည်ထောင်ခါစ။ တိုက်ပွဲများပြင်းထန်နေစဉ် တခုသောတိုက်ပွဲတွင် တပ်မတော်သားတဦးကို လက်ရဖမ်းဆီးရမိသည်။ သူတို့ဘက်က ထိုးစစ်ဆင်၍ တိုက်ပွဲများဖြင့် အခြေအနေရှုပ်ထွေးနေသော်လည်း လက်ရဖမ်းမိသည့် သုံ့ပန်းတပ်မတော်သားရဲဘော်ကို မ သတ်။ အစောင့်အရှောက်များဖြင့် ထားသည်။ ကျနော်တို့ ကျောင်းသားတပ်မတော်တွင် လက်ရဖမ်းမိသည့် သုံ့ပန်းတပ်မတော်သားများကို သတ်ရန် ပေါ်လစီမရှိသော်လည်း အဆင့်ဆင့်သော တပ်မတော်သားများကြား မှားယွင်းသည့် ၀ါဒဖြန့်မှုများကြောင့် သုံ့ပန်းတပ်မတော်သား လေးက ကြောက်နေသည်။ သူ့ကို သတ်လိမ့်မည်ဟုပင်ထင်နေသည်။ အစောင့်ရဲဘော်များမှ ထိုသုံ့ပန်းတပ်မတော်သားလေးကို သတ် မည်မဟုတ်ကြောင်း မည်သို့ပင်ပြောသော်လည်း သူက သတ်လိမ့်မည်ဟုပင် ထင်နေသည်။ သုံ့ပန်းတပ်မတော်သားလေးက တငိုငိုတရီရီ။ ထိုအခြေအနေကို အစောင့်ရဲဘော်များမှ တပ်မှူးဖြစ်သည့် ဗိုလ်ခင်ကျော်ကို တင်ပြကြသည်။

ဗိုလ်ခင်ကျော်က သုံ့ပန်းတပ်မတော်သားလေးကို ထိန်းသိမ်းထားရာသို့ သွားရောက်စစ်ဆေးရတော့သည်။ ဖြစ်ပုံက ဗိုလ်ခင်ကျော်က တိုက် ပွဲတခုတွင် ဒဏ်ရာရ၍ မျက်လုံးတဖတ်ထုတ်ထားရသည့်လူ။ ဗမာစစ်စစ်။ အသားမဲမဲ ထောင်ထောင် မောင်းမောင်း။ သုံ့ပန်းတပ်မတော် သားလေးက ဗိုလ်ခင်ကျော်ကိုတွေ့သည်နှင့် ငိုလေတော့၏။ သုံ့ပန်းတပ်မတော်သားလေးကို အားပေးနှစ်သိမ့်ရန်သွားသည့် ဗိုလ်ခင်ကျော် ခမျာ ဘာလုပ်ရမည်မသိ။ ထိုသို့ဖြစ်နေစဉ် သုံ့ပန်းလေး၏ အပြောစကားကြောင့် ကျနော်တို့ရဲဘော်များအားလုံးငြိမ်မိလျက်သား။

“ကျနော့်ကိုသတ်မယ်ဆိုလည်း သတ်ပါဗျာ။ မသတ်ခင်မှာတခုတော့ တောင်းဆိုချင်ပါတယ်။ ကျနော့်ဘ၀မှာ တခါမှ “ဂျင်း” ဘောင်း ဘီမ ၀တ်ဖူးလို့ သတ်မယ်ဆိုလည်း “ဂျင်း” ဘောင်းဘီလေးတော့ ၀တ်ပါရစေ။”

(၄)
ယခုအချိန်မှာ ထိုသုံ့ပန်းလေးက ICRC အစီအစဉ်ဖြင့် ဥရောပတနေရာမှာ အခြေချနေထိုင်နေပြီဖြစ်သည်။ သူဝတ်ချင်နေသည့် “ဂျင်း” ဘောင်းဘီများကို ၀တ်၍ ပျော်ရွှင်နေပေလိမ့်မည်။

မကြာသေးသောကာလက သမ္မတကြီး ဦးသိန်းစိန်မှ သူ့၏မိန့်ခွန်းတခုတွင် တောတွင်းရဲဘော်များကို သေနတ်များအစား လက်ပ်တော့များ ကိုင်စေချင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။ ကောင်း၏။ ကျနော်ကတော့ ကျနော့်အတွေ့အကြုံဖြင့် သမ္မတကြီးကို အကြံတခုပေး ချင်နေမိသည်။ သမ္မတကြီးအနေဖြင့် တောတွင်းရဲဘော်များအား သေနတ်များအစား လက်ပ်တော့များပေးလိုသည့်စေတနာကို ကြိုဆိုသော် လည်း အမှန်တကယ်အနေဖြင့် သမ္မတကြီးနှင့်အနီးဆုံး တပ်မတော်သား အယောက်စိတိုင်းကို “ဂျင်း” ဘောင်းဘီတထည်စိ ဝေငှပေးစေ ချင်သည်။ သမ္မတကြီးအနေဖြင့် တပ်မတော်သားများကို ပေးစေချင်သည့် “ဂျင်း” ဘောင်းဘီ၏ အရောင်က .... “အပြာ”

မူရင်း
- http://www.facebook.com/notes/nyo-htet/%E1%80%82%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%98%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%98%E1%80%AE-%E1%80%A1%E1%80%BB%E1%80%95%E1%80%AC/375857429135916


Regards

AN

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံ



ဇွန်လ (၁၉) ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတာ အားလုံးလိုလို သိကြပေမဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သိသူတွေ အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၂ နှစ်နှစ်မြောက် မွေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသမီးများ ပူးပေါင်းပြီး မြန်မာ အမျိုးမီးများနေ့အဖြစ် စတင် ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက NLD အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ပြည်ပတွေမှာ ဆက်လက်ကျင်းပလာခဲ့ပါတယ်။ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၁၆ ကြိမ်မြောက် ရှိပါပြီ။ ဒီနှစ်ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ Alternative Asean Network on Burma မှ ထုတ်ဝေတဲ့ ၅၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ "မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံ" စာအုပ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့သည့် အမှာစကားကို ကူးယူဖေါ်ပြပြီး ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။ အပေါ်ကပုံက ပထမကြိမ် အမျိုးသမီးများနေ့ကို ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပစဉ်က မြန်မာ့အမျိုးသမီး သမဂ္ဂမှ တက်ရောက်သည့် ကိုယ်စားလှယ် နှစ်ဦး ဖြစ်ပါတယ်။

<iframe width="420" height="315" src="http://www.youtube.com/embed/CLQZA-ZTVwI" frameborder="0" allowfullscreen></iframe>

 
၎ ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အတွက် ထုတ်ဝေတဲ့ စာအုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော အမှာစကား


အခု ကျမရဲ့မွေးနေ့ချိန်ခါမှာ ဒီလိုကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်အခါကို ကျမတို့အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့မြန်မာ အမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်စနစ်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတ်ေလွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လဲ ကျမတို့ဟာ ဒီလိုလွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ်ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကျမရဲ့ မွေးနေ့အချိန်ခါမှာ အမျိုးသမီးတွေကို ကျမအာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ အဲဒီ ဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။

မကြာခင်ကဆိုရင် သူ့ရဲ့သားအဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်နဲ့လဲ ကျမတွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီး နှစ်ယောက်ဟာ စိတ်ချင်းသဘောချင်း အတူတူပါပဲ။ မိမိတို့ ကလေးတွေ လုပ်နေတာမှန်တယ်၊ အများရဲ့ကောင်းကျိုးအတွက် လုပ်နေတဲ့ကိစ္စမို့လို့ ဘာဘဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိပါတယ်။ မိန်းကလေးရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင်မှာလိုက်တယ်၊ အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် အဖြစ်ပါစေနဲ့လို့ မှာလိုက်ပါတယ်။ ဆိုလိုတာကတော့ အမေ့ကိုငှဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို မလုပ်ပဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အဖိနှိပ်အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျှော့သွားပဲနဲ့။

ဒီနိုင်ငံမှာတင်မက ဒီကမ္ဘာကြီမှာ ငြိမ်းချမ်းမှုရဖို့၊ အေးချမ်းမှုရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှုမရှိဘူး၊ လုံခြုံမှုမရှိဘူး၊ စီးပွားရေးတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်မှုမရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့တွေ့မြင်ခဲ့ရလို့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။

နောက် ကျမတို့နိုင်အတွင်းမှာ ငြိမ်းချမ်းမှု ရှိဖို့၊ စည်းလုံးညီညွတ်မှု ရှိဖို့ဆိုတာလဲ အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံအတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစွာ နေကြပါတယ်။ ဒီတော့ ဒီလိုတိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီးလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးအချင်းချင်းဆိုရင် နားလည်မှုအများကြီး ရှိပါတယ်။ ကလေးများအတွက် ပူတာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက် ဖြစ်စေ၊ ချင်းမိခင်တယောက် ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓါတ်ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာအောင်လို့ ပြုစုပျိုးထောင်စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဖူးဆိုတဲ့ အသိကိုလဲ စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင်ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းကူညီကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည်


သက္ကရာဇ် ၂၀၀၀၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၅၅) နှစ်မြှောက်မွေးနေ့ နဲ့ (၄) ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ထုတ် မြန်မာ အမျိုးသမီးများအသံ စာအုပ်အတွက်  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ပေးပို့သည့် အမှာစကားဖြစ်ပါတယ်။


မိမိပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ခွာပြီး အမိမြန်မာပြည်အတွက် လာရာက် စွန့်လွှတ်အနစ်နာခံပြီး ခက်ထန်မာကျော ရက်စက်ကြမ်းကြုတ်သူတွေ စိုးမိုးတဲ့ အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်ဖြစ်လာအောင် ဦးဆောင်မှုပေးနေတဲ့ မြန်မာရော ကမ္ဘာပါလေးစားယုံကြည်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သက်တော် ရာကျော်ရှည်ပါစေ။ ပျော်ရွှင်စရာ မွေးနေ့အချိန်အခါဖြစ်ပါစေ။
အတိတ်က ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံ အတွေ့အကြုံ အားလုံးမှ လုံးဝကင်းစင် လွတ်မြောက်ပြီး ဒီနေ့ အသက် ၆၇ နှစ်မွေးနေ့မှသည် မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိတိုင်းပြည်အတွက် လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်ဝနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

(အမျိုးသမီးနေ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။)


၁၉၉၈ ခုနှစ်၊ ဂျီနီဗာရှိ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့နိုင်ငံ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်ခံရမှု တင်သွင်းသည့် အဖွဲ့



၁၉၉၉ခု၊ ဇွန်လ (၁၉) ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား ပြီးစဉ် အမျိုးသမီးများနှင့် ကလေးများ အမှတ်တရ၊ Christian Youth Centre, Bangkok

သက္ကရာဇ် ၂၀၀၀၊ အမျိုးသမီးများနေ့၊ အမျိုးသမီးများနေ့ ဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ဝင်များ အမှတ်တရ၊ မြန်မာကျောင်းသားများစခန်း၊ မနီလွိုင်ရွာ၊ ရတ်ခ်ျပူရီ၊


၂၀၁၀ ခု ဇွန်လ ၁၉ ရက်နေ့က တင်တဲ့ပို့စ်ကို နေ့စွဲပြန်ပြင်ပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကို  မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မဆူးပွင့်ရဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကို ပြောထားတဲ့ DVB အင်တာဗျူးနဲ့ ပေါင်းပြီး ပြန်တင်လိုက်ပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ

Friday, March 16, 2012

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

ထုတ်ပြန်ကြေညာချက် ( ၁/၂၀၁၂)



၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်း ချက်များကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

(က) သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။
(ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။
(ဂ) သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။
(ဃ) မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။
(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။
၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်ပြီး အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

(က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည်စွာရပ်တည် ဆောင်ရွက် သွားမည်။
(ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းသားထု အကြား ခိုင်မာမြဲမြံသော နားလည်မှုနှင့်စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။
(ဃ) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။
(င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်။
၃။ အထက်ပါ လုပ်ငန်းစဉ်များအား အချိန်မီအောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။


ဖြောင့်မတ်တည်ကြည်စွာဖြင့်
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့
မကဒတ (ကျောင်းသားတပ်မတော်)။
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။

ဆက်သွယ်ရန်။ ။ ရဲဘော်မြင့်ဟိန်း

Tel +66 810 229 208၊ Email: julianoo98@gmail.com

ရဲဘော်ကျော်ကျော်လင်း

Tel +66 862 140 161၊ Email: kyawlin7@gmail.com

Wednesday, March 14, 2012