Thursday, October 24, 2013

Sunday, March 31, 2013

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်သဘောထား ထုတ်ပြန်ချက်

မြန်မာပြည်ဒီမိုကရေစီရရှိရေး ပူးပေါင်းဆောက်ရွက်မှု ကော်မီတီ

Joint Action Committee for Democracy in Burma

Sydney - Australia

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်သဘောထား ထုတ်ပြန်ချက်

နေ့စွဲ ။ မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ်

JACDB သည် ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သြစတြေလျ နိုင်ငံ ဆစ်ဒနီမြို တွင် တွေ့ဆုံဆွေးနွေးမှု တခု ပြုလုပ်ခဲ့ပါသည်။

JACDB သည် မြန်မာပြည် ဒီမိုကရေစီ ရရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တခုပေါ်ထွန်းလာရေးအတွက် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် လက်ရှိအစိုးရတို့အကြား တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ တိုင်းပြည်၏ ပြဿနာများကိုဖြေရှင်းနိုင်သည် ဟု ယုံကြည်ထားသည့်အတိုင်း ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် လက်ရှိ ဦးသိန်းစိန် အစိုးရ ၏ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်မှုများကိုမိမိတို့အနေဖြင့် ကြိုဆိုသော်လည်း သံသယစိတ်များရှိနေသေးဆဲဖြစ်ပြီးအခြေအနေများကို စောင့်ကြည့်လေ့လာနေမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်သည်များကိုအကူအညီပေးရန်အသင့်ရှိကြောင်း၊ မြန်မာပြည်ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် အဓိက အတားအဆီးတခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေးကို အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းကြောင်းဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာပြည်၏ အဓိကပြဿနာ နှစ်ရပ်ဖြစ်သည့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေး နှင့် တိုင်းရင်းသားများ၏ တန်းတူရည်တူ အခွင့်အရေးရရှိရေးကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်း ၊ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တောင်းဆိုချက်များကိုမိမိတို့အနေဖြင့်အပြည့်အဝ ထောက်ခံကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဖော်ဆောင်မည်ဆိုလျင် တတိုင်းပြည်လုံး အပြစ်အခတ် ရပ်စဲရေးလိုအပ်ပြီး အပစ်အခတ်ရပ်စဲထားသော ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကိုလုံးဝ ရပ်ဆိုင်းရန်လိုအပ်ကြောင်း ၊ လက်ရှိအနေအထားများအရ ယာယီအပြစ်အခတ်ရပ်စဲရေးအဆင့်သာရှိသေးပြီး ခိုင်မာသောအပြစ်အခတ်ရပ်စဲရေးအဆင့်သို့ရောက်ရှိရန် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရန် လိုအပ်ကြောင်း ၊ နိုင်ငံရေး အရ အပြည့်အဝ သဘောတူညီချက်များရပြီးမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း ၊ စစ်မက်ဖြစ်ပွားနေသော ဒေသများတွင် စစ်ပြေးဒုက္ခသည်များအပေါ် နိုင်ငံတကာအပါအဝင် လူမှုရေး ထောက်ပံ့ကူညီမှုများကို ပိတ်ပင်တားဆီးမှုများ မပြုလုပ်ရန် တိုက်တွန်းကြောင်းဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်တော်အနေနှင့်လည်း စစ်အစိုးရအဆက်ဆက် ပြဌာန်းကျင့်သုံးခဲ့သည့် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကိုပြုပြင်ဖျက်သိမ်းရန် အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်ပေးရေးကိုလည်းတောင်းဆိုကြောင်း၊ လက်ရှိမြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများအပေါ် မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ရကြောင်း၊ ပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးအတွက် အစိုးရအနေဖြင့် တရားနည်းလမ်း တကျ ထိရောက်စွာ ထိမ်းသိမ်းအရေးယူပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့သည်။

သူရဦးရွှေမန်းမှ ပွင့်လင်းစွာဆွေးနွေးမှုများအပေါ်လေးစားတန်ဘိုးထားကြောင်း၊ ခေတ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကိုဖျက်သိမ်းပြင်ဆင် ရန်ကော်မီတီများဖွဲ့စည်းလုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပါတ်သက်၍ လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် အချက်အလက်များကိုပြင်ဆင်ရန်လိုအပ်သည်ဟု ယုံကြည်ကြောင်း၊ သူ့အနေဖြင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၏ ဥပဒေအပေါ် လေးစားလိုက်နာမှု အားနည်းချက်များ ရှိခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ကြောင်း ၊ စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့လိုက်နာကျင့်သုံးမှု အားနည်းခဲ့ကြောင်း ၊ စစ်သားဟောင်းတယောက်အနေဖြင့်လည်း ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပါတ်သက်၍လည်း သူုတို့လူကြီးပိုင်းတွင် နားလည်မှုအားနည်းနေကြောင်း၊ နိုင်ငံတကာဥပမာများကို လေ့လာပညာပေးမှုများလုပ်ဆောင်နေကြောင်း၊ စနစ်ဟောင်း၏ အတွေးအခေါ်အကျင့်ဟောင်းများကျန်ရှိနေသေးကြောင်း စသည်ဖြင့်ပြန်လည်ဆွေးနွေးခဲ့ပါသည်။

JACDB အနေဖြင့် ယခုကဲ့သို့ လက်ရှိ အစိုးရ၏ ခေါင်းဆောင်များမှ အတိုက်အခံအင်အားစုများဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းအဖြေရှာ သည့် အလေ့အထ၊ ယဉ်ကျေးမှု တခု လက်ခံကျင့်သုံးလာခြင်းကိုကြိုဆိုပြီး ယခုကဲ့သို့ ရိုးသားပွင့်လင်း ၍အပြန်အလှန်လေးစားမှုရှိသည့် တွေ့ဆုံဆွေးနွေးမှုအစဉ်အလာကောင်းများကို ဆက်လက်ဖေါ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။

JACDB (Sydney - Australia)

ဆက်သွယ်ရန် - ဦးစောလွင်ဦး ၀၄၁၂၃၄၄၀၀ ၊ အောင်နိုင် ၀၄၁၃၃၃၅၆၂၉