Saturday, September 25, 2010

‘Activists’ jail term extended by 20 years | Democratic Voice of Burma

‘Activists’ jail term extended by 20 years

‘Activists’ jail term extended by 20 years thumbnail
Police man barricades outisde Insein prison where the seven are detained (Reuters)
By KHIN HNIN HTET
Published: 16 September 2010

Seven people serving lengthy sentences for alleged links to a banned Burmese activist group have had their prison terms extended by 20 years, courts ruled yesterday.

The seven were already serving terms of between 20 and 38 years in Rangoon’s Insein prison after being arrested in 2008 and accused of holding ties to the All Burma Students’ Democratic Front (ABSDF), a prominent activist group born from the 1988 mass student uprising.

But additional charges under the Explosives Act were levelled at Kyaw Zin Oo, Zaw Lwin, Kyawza Lin, Htet Ko Lwin, Khin Yi, Aye Min Naing and his wife San San Maw. They are accused of assisting in the 2004 bombing at Zawgyi House Restaurant in Rangoon and the bombing at the Panorama Hotel in Rangoon in 2005.

Sentences of ten years for each of the two attacks were handed down yesterday, and all seven were found guilty.

“We are very unhappy with the sentences. The defendants had already been given jail terms for the explosive materials submitted by the prosecutors as evidences in 2008,” said lawyer Kyaw Ho, speaking of the group’s initial arrest and separate charges under the Explosives Act, Unlawful Associations Act and Arms Act in 2008.

He said that no evidence had been provided for the latest sentencing, adding that “normally in cases under the Explosive Act, witnesses should be included from the police’s Criminal Investigation Department and chemical specialists”, although this had not been the case. Moreover, the alleged accusation by the person behind the attack that netted the seven was weak, he added.

The five men and two women are also facing accusations connecting them to an explosion that took place at Shwe Mann Thu Bus Terminal in Rangoon in 2005.

In other news, the imprisoned 1990-elected parliamentary representative in Burma’s western Arakan state, Nyi Pu, is in poor health. According to a colleague of his who spoke to Nyi Pu’s wife, he is not receiving healthcare for a condition that lowers the level of potassium in the blood. He is being held in Kham Ti in Saganig division.

According to the Thailand-based Assistance Association for Political Prisoners-Burma (AAPP), there are currently 2,183 activists, lawyers, journalists, monks and politicians behind bars in Burma. 

Tuesday, September 21, 2010

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။


Best regards

AN

Sunday, September 5, 2010

“စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”


“မောင်ကျောင်းသား”

( ငါတို့၏ဦးခေါင်းများသည် သွေးချင်းချင်းနီသည် သို့သော်ညွှတ်ကား မညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီပညာရေးသွေးနဲ့အရင်းတည် ဒီမိုကရေစီတော်လှန်ရေး ပေါင်းကူးပေးမည် ၊ စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာ တို့တတွေကျောင်းတက်မည် ၊ မီး လောင်ပြင တစပြင်မှာ အတည် ထွန်းသစ်တဲ့ တက္ကသိုလ် တို့ဆောက်မည်၊ ညီညာ တိုက် ပွဲသို့ချီ ပြည်သာ လက်တွဲ ဆောက်တည် (နီလဲပဲနီသည် ချွန်လဲပဲချွန်သည် ကျောင်းသား သမိုင်းသစ်တည်)၂ ၊ ဒီမိုကရေစီပညာရေး သွေးနဲ့အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော်ထောင်ထဲ ရောက်ခဲ့ရတဲ့အချိန်အတူနေခဲ့ရတဲ့ နောင်တော်ကျောင်းသားကြီး တွေဆိုပြခဲ့တဲ့သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲ ရှိနေရဦးမဲ့ အခြေခံပညာကျောင်းသားဘ၀ကနေ ပြည်သူတွေ ဆင်းရဲမွဲတေနေမှု တွေ အတွက် စစ်အာဏာရှင်တိုက်ဖျက်ရေး ခရီးလမ်း ပေါ်လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေးယန္တယားရဲ့အမြင့် ဆုံးနေရာကိုရောက်ခဲ့ရချိန်မှာ အဲဒီလိုသီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ်မာန်တင်းစေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့အဓိပ္ပါယ်နဲ့လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်း လောက်ထဲက စဉ်းစားဆုံးဖြတ်ခဲ့ပြီးပါပြီ ၊ “ ကျောင်းတွေပြန်ဖွင့်ပြီ ”လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့ လက်တွေကမ်းထားပြီး ကြိုဆိုသယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတွေ ကြားမှာကို ကျောင်းပြန်တက်ရေး မတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။


\ဒီမိုကရေစီရရှိရေး-ဒို့အရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး-ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေဟိုတစသည်တစပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကရော အေးအေးချမ်းချမ်းစာမသင်ချင်ပဲနေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာလက်နက်ဆွဲကိုင်ပြန်ခံချမယ်လို့ ကျောင်းသားတပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစုတွေနဲ့လဲတကွဲတပြားဖြစ်၊ ဒုက္ခမျိုးစုံခံနေကြတဲ့ ဆရာဝန်လောင်း ဆေးတက္ကသိုလ်ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်းစက်မှုတက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့်အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံးအားလုံးကရော စာသင်ခန်းနဲ့မိဘအရိပ်အာဝါသအောက်မှာ နွေးနွေးထွေးထွေးမနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေးတွေရဲ့စစ်ကြော ရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှု မျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံး သုံးနှစ်အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင်တွေထဲကို ရောက်နေကြတဲ့ကျောင်းသားတွေကရော ကျောင်းမတက်ချင်ပဲနေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့သူတို့တွေကိုမငဲ့ပဲ စစ်အာဏာရှင်တွေရဲ့ လောင်းရိပ်အောက်က ကျောင်းခန်းထဲ ဘယ်လိုခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။


ကျွန်တော်တို့ အခြေခံပညာ ကျောင်းသားလေး တွေတောင် ရဲရင့်ခဲ့ကြတယ် ၊ နိုင်ငံရေး မတည်ငြိမ်ပဲ ၊ ပြည်တွင်း ငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်း ပညာသင်နိုင်မှာမဟုတ်သလို ကျောင်းသား အခွင့်အရေးဆိုတာလ ဆုံးရှုံးနေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာမပါတဲ့ ဟန်ပြပညာရေးမှာ ကျောင်းတက်ပြီး ဘွဲ့တွေရလဲ ဘာမှလဲဖြစ်လာမှာ မဟုတ်တဲ့အတူ ပြည်သူတွေ အတွက် ဆုံးခန်းတိုင်တိုက်ပွဲဝင်မယ်၊ သွေးညှီနံ့တွေ လွှမ်းနေမဲ့ စစ်ဝါဒီတွေဖွင့်တဲ့ ကျောင်းခန်းထဲ ငါတို့ပြန်မထိုင် တော့ဘူးလို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂ(အကသ) မှာပါတဲ့သူတွေ အများစု ဆုံးဖြတ်ခဲ့ကြပါတယ် ။

“၁၉၃၆ခုနှစ်မှာ ဖွဲ့စည်းတည်ထောင် ဂုဏ်ရောင် ၀င်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့အစိုးရ အဆက်ဆက်ကို သမိုင်းစာမျက်နှာထက်မှာ ထင်ဟတ်ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက် ပွဲဝင်နေကြစဲပါ ၊ အာဇာနည်ထောင်သောင်းတို့ရဲ့နီမောင်းဝင်းလက်တဲ့သွေးစက်တွေဟာ သမိုင်းကျောက်စာတိုင်အဖြစ် မော်ကွန်းတွင်ရစ်မှာမုချပါပဲ ၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးအတွင်းမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ ရရှာသော အာဇာနည်ရဟန်းရှင်လူပြည်သူအပေါင်းတို့ကိုဂုဏ်ပြုသောအားဖြင့် မပြီးဆုံးသေးသည့်ဒီမိုကရေစီတော်လှန်ရေး ကြီးကို အောင်ပွဲရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုအဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက်အတိုင်း သာခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီအချိန်ပေါ်ထွက်လာတဲ့“အကြောင်းကြောင်းကြောင့်ပါလို့ စိတ်မကောင်းစွာပြောရင်း စာသင်ခန်းအတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကိုငါတို့နားလည်ခွင့်လွှတ်နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ကျောင်းပြန်တက် ကြမယ်ဆိုရင်တော့ ငါတို့ကခွင့်လွှတ်သည့်တိုင် ရာဇ၀င်ကခွင့်မလွှတ်သရွေ့ သူတို့ဟာ သမိုင်းမှာသစ္စာဖေါက်တွေဖြစ်သွား မှာပဲ ၊ ငါတို့ထဲကတချို့ဟာ ကိုယ့်အရိုးကိုယ်လှေနံအဖြစ်ထွင်းထု ကိုယ့်အသားကိုယ်လှေရွက်အဖြစ်စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ်အသုံးပြုလှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ငါတို့ကြား ခြားနေတဲ့သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ”ဆိုတဲ့ ရွှေဖုန်းလူရဲ့“ကျောင်းဖွင့်ချိန်”ကဗျာစာသားတွေက ကျွန်တော်တို့ကိုခိုင်မာအားတက်စေခဲ့သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့“သူငယ်ချင်း..မင်းဟာ..ပကတိငြိမ်ဆိပ်..အိပ်မက်မရှိတဲ့ညတွေ ထဲမှာလှဲလျောင်း… မင်းအလောင်းမှာဒါဏ်ရာတွေနဲ့… မင်းထိုင်ခဲ့တဲ့… .စာသင်ခန်းထဲကခုံကလေး… ငါငေးရင်း မျက်ရည်ကျ…. သိပ်သတိရနေတယ် သူငယ်ချင်း” ဆိုတဲ့ကဗျာလေးကလဲ ကျွန်တော်တို့ရင်ကိုထိရှ ၊ စစ်အာဏာရှင်တွေငြှိမ်းမရတော့တဲ့ ကျွန်တော်တို့နှလုံးသားထဲက မီးစတစ်စပါပဲ ။

ကျွန်တော်ထောင်ကလွတ်တော့လဲ စိတ်ပညာနဲ့ကတစ်ဘွဲ့၊ တိုင်းရင်းဆေးသိပ္ပံကသမားတော်ဘွဲ့ကတစ်ဘွဲ့၊ဘွဲ့နှစ်ခုတောင်ရ ထားတဲ့အမေက ရပ်ကွက်ထဲကအလုပ်သွားသူတွေရဲ့ ကျောင်းနေအရွယ်မဟုတ်သေးတဲ့ကလေးတွေကို အိမ်မှာထိမ်းပေး တဲ့အလုပ်လုပ်နေရသလို ၊ သခွားသီးစိတ်လေးတွေတုတ်ထိုး၊ အာလူးပြုတ်တုတ်ထိုး ၊ အချဉ်ရေနဲ့တို့စားရတာမျိုးလဲ ညနေ ပိုင်းမှာဈေးဘန်းလေးချရောင်းနေတာတွေ့ရတော့ အသုံးချခွင့်မရတဲ့အမေ့ပညာတွေအတွက်နှမျောမိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေတစ်ယောက်ထဲမှမဟုတ်ပဲ ၊ စစ်အာဏာရှင်စနစ်ပျက်အောင်မတိုက်ဖျက်နိုင်ခင် မလွှဲမသွေမြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသားဘ၀ကိုဆုံးရှုံး၊ လွတ်လပ်ပေါ့ပါးတဲ့လူငယ်ဘ၀ဆိုတာလဲပျောက်ခဲ့ရ၊ မိသားစုဘ၀ဆိုတာပါပျက်ဆီးခဲ့ရတဲ့ ကျွန် တော့်အတွက် “တော်လှန်ရေးသည်ငါတို့ကျောင်း၊တော်လှန်ရေးသည်ငါတို့တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေဆီကရတဲ့ ပညာတွေနဲ့ ဘ၀ကိုရပ်တည်ရပါတယ် ၊ အဖြူအစိမ်းကျောင်းသားလေးတွေကိုမြင်တိုင်း ၊တက္ကသိုလ်နယ်မြေတွေနားကနေ ဖြတ်သွားတိုင်း (ယောက်ကျားတန်မဲ့မျက်ရည်ဝဲရလောက်အောင်)နာကျင်ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တမဟုတ်ပါဘူး ၊ လူ့ဘာသာဘာဝ တမ်းတမိတာမျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ကိုယ် တမင်မေ့ထားထားတဲ့ ( လူ့အခွင့်အရေးတရားတွေဟောခဲ့ဘူးရာ ၊ ကျောင်းသားသမဂ္ဂအဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲကို မလွှဲသာမရှောင်သာလွန်းလို့ တခေါက်ရောက်ခဲ့ရချိန်တခနလေးမှာ တောင် ပျော်ပြုံးနေကြတဲ့ဘွဲ့ယူသူတွေရဲ့မျက်နှာကိုကြည့်ရင်း “သြော်..သူတို့ ဘာမှမသိကြသေးပါလား၊ဒီဘွဲ့လက်မှတ်တွေ ဟာ ဂုဏ်တုဂုဏ်ပြိုင်ဘို့ကလွဲပြီး သူတို့အတွက်ဘာမှအသုံးမ၀င်တာသိတဲ့နေ့ သူတို့ဘယ်လိုများခံစားရပါမလဲ” စဉ်းစားမိပါ တယ် ၊ နောက်ကလိုက်ပါလာကြတဲ့မိဘတွေကိုကြည့်ပြီး သားအတွက် ဘွဲ့နှင်းသဘင်ခန်းမထဲဝင်ရမဲ့အစား ထောင်ဝါဒါ တွေရဲ့အအော်ငေါက်ခံပြီး ထောင်ဝင်စာခန်းကိုပဲရောက်ခဲ့ရတဲ့အမေ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာနောင်တော်တွေရက်ရက်စက်စက်ပစ်သတ်ခံရဘူးတယ်ဆိုတာ သတိပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကိုဆက်မနေနိုင်တော့အောင်ပါပဲ ၊ အင်းလျားကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင်ထိုင်ရင်းစောင့်မယ်လေ ဆိုပြီး ၀န်းအပြင်ထွက်ပြန်တော့လဲ ဒီနေရာကတံတားဖြူကနေတံတားနီခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ် နဲ့ရိုက်ခံရတဲ့နေရာ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့သွေးစက်သမိုင်းကြောင်းက ဒီနေရာတွေကနိဒါန်းပျိုးခဲ့တာ စသဖြင့် ခံစားမိပြန်ပါတော့တယ်၊ ဘယ်သူနားလည်ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီတကူးတကန့်ကိုသွားရင်ဖွင့်ဖြစ်တယ် ၊ အမေကမျက်ရည်တ၀ဲဝဲအားပေးရှာပါတယ် ၊“ သြော်..သားရယ် မင်းလိုချင်ရင်ဘယ်လိုဘွဲ့မဆိုရနိုင်ခဲ့တာပဲ ၊ ဒီနေ့ခေတ်မှာ အဲဒီဘွဲ့တွေက အသုံးမတည့်ပါဘူးလို့ မင်းကိုယ်တိုင် ဆုံးဖြတ် ခဲ့ တာပဲလေ ၊ တွေးမနေစမ်းပါနဲ့ ၊ ကိုယ်မှန်တယ်ထင်ရာရဲရဲရင်ဆိုင်စမ်းပါ ၊ ခုမင်းရထားတဲ့ဘွဲ့ ကအကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ်မျိုးဆက် ၊ တိုက်ပွဲဝင်ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက်ဘယ်ဘွဲ့က အမေ့ကိုပိုဂုဏ်ရှိစေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲကျေနပ်နေတာပါ” တဲ့ ၊ ဆပ်ခွင့်မကြုံခဲ့တဲ့ အမေ့ကျေးဇူးတွေထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများ ဖြစ်မလားတောင် ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ချိန်မှာအခြေခံပညာကျောင်းသားတွေဖြစ်တဲ့ ကျွန်တော်တို့အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်သာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့အဖွဲ့မှာ ခေါင်းဖြူသွားကျိုးအဖိုးကြီးအရွယ်တွေလဲ ကျောင်းသားတွေအဖြစ်တကယ်ရှိနေတာ ပါ ၊ ကျောင်းသားကရိုးသားတယ် ၊ ပြည်သူကိုရှေ့ကအသေခံဦးဆောင်ရဲတဲ့သတ္တိရှိတယ် ၊ လူမျိုး,ဘာသာ,အယူဝါဒအစွဲ တွေကင်းတယ်၊အာဏာတွေနေရာတွေမမျှော်မှန်းဘူးဆိုတဲ့ အဲဒီလိုဂုဏ်တွေကိုလေးစားတန်ဘိုးထားတဲ့အတွက် “ အမိမြေ လွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်” ဆိုတဲ့ ကျောင်းသားဆောင်ပုဒ်ကိုဆုတ်ကိုင်ပြီး တော်လှန်ရေးဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့တက္ကသိုလ်ရဲ့ ကျောင်း သားတွေအဖြစ် ကျောင်းသားနာမည်ခံဆက်ရှိနေကြတာပဲဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေးဆိုတာ ဇာပန်းထိုးသလို ဧည့်သည်ထမင်းစားဖိတ်သလိုလွယ်တာမျိုးမဟုတ်ဆိုပေမဲ့လဲ ၊ တနေ့ကျွန်တော်တို့ပြည်သူတွေ အောင်ပွဲခံရမှာပါ ၊ ကျွန်တော်တို့အသက်တွေ လေးငါးခြောက်ဆယ်မှလဲ ဖြစ်ချင်ဖြစ်နိုင်ပါ တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူ့အင်အားတွေပေါင်းစည်းမိတဲ့တနေ့ ကျွန်တော်တို့အနိုင်တိုက်နိုင်မှာပါ ၊ ဘယ်လောက်ပဲ အိုမင်းမစွမ်းဖြစ်နေသည့်တိုင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ကိုယ်တိုင်ပြန်ဝင်ဆောက်မယ် ၊ စာသင်ခန်းထဲဝင်ထိုင် ပြီးဆုံးရှုံးခဲ့တဲ့ငယ်ဘ၀လေးပြန်လွမ်းမယ်မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာနေစဉ်ကအားမာန်တင်းနိုင်ခဲ့တဲ့သီချင်းလေးပြန်ဆို ပြီး ဆက်လက်တိုက်ပွဲဝင်နေရဦးမဲ့ရှေ့ခရီးအတွက် တက်ကြွနေမိပါတယ် ၊ “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ ခေတ်မှာတို့တတွေကျောင်းတက်မည်”……လို့ ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား26sann အားကျေးဇူးတင်ပါသည်။

http://www.demowaiyan.co.cc/2010/09/blog-post_7462.html


- Posted using BlogPress

Tuesday, August 31, 2010

အနှစ်နှစ်ဆယ်ကျော်ကိစ္စ


ကမာပုလဲ

အနှစ်နှစ်ဆယ်ကျော်ဆိုတာ
လူတယောက်ကို
အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ပါသလား၊
ပသို့ဆိုစေ
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
ခုဆို … အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။

အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ
လရောင်ကို ထုံ့ပိုင်းခံယူ ခံစားခဲ့ဖူးတယ်၊
ငြိမ်းချမ်းရေးကို ငတ်မွတ်နေတဲ့
တော်လှန်ရေးစစ်စစ်ကို တောင့်တ
နွေဦးအဆက်ဆက်ကိုလည်း ရင်ခုန်ခဲ့ဖူးတယ်၊
ခြေထောက်မှာ ရွှံ့နွံနံ့နဲ့ ခြေဆီပုပ်နံ့
လျှာပေါ်မှာ ကွီနင်းဆေးပြားရနံ့
ခုထိ မပြယ်နိုင်သေးဘူး
ဒါပေမယ့် ...
ကုန်းပေါ်ပစ်တင်ခံရတဲ့ ငါးတွေလို
ရှူရတဲ့ လေကအစ …
တရားဝင်ခွင့်ကို ဆုံးရှုံးနေတဲ့ အခါသမယ
လည်ပတ်နေတဲ့ သွေးတွေဟာ
မနွေးတော့ဘူး … အေးခဲသွားခဲ့ပြီ
မနီစွေးတော့ဘူး … စိမ်းရင့်ရောင်စိုနေခဲ့ပြီ။

အနီးအဝေးကို ဆန္ဒနဲ့တိုင်းတာခဲ့မယ်ဆိုရင်
ဒီခရီးအတွက်
ပိုင်းဖြတ်ချက်ဟာ
လက်နက်အခါခါချရလိမ့်မယ်
ဝင်္ကပါထဲ …
ခပ်ပါးပါး ထွက်ပြေးနေရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် မသတီစရာလည်း ဖြစ်လာမယ်။

ဘ၀က ဘာလဲ
သေခြင်းတရားက ဘာလဲ
သစ္စာတရားဆိုတာကတော့
ကျနော်တို့ မျက်မှောက်ပြုနေရတဲ့ လေထုနဲ့
စကားလုံးတွေကိုယ်တိုင်က မထိုက်တန်ဘူးလို့ ယုံတယ်။

သူရဲကောင်းတွေက
သူရဲကောင်းအလုပ်ကို လုပ်တယ်၊
သစ္စာဖောက်တွေက
သစ္စာဖောက်တဲ့အလုပ်ကို လုပ်တယ်
ရှင်းပါတယ်၊
ဒါပေမယ့် ...
လူလိမ်တွေအတွက်တော့
ခေတ်က အသုံးတဲ့လွန်းနေတယ် မေမေ …။

ဘာရယ်လို့ မဟုတ်ပါဘူး
တရားကျတယ်လို့ ဆိုရအောင်ကလည်း
ဒါ … ကိုယ့်စိတ်ကြိုက် ကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်း
ဦးဗဂျမ်း ပြောခဲ့သလို
“ချစ်သူတွေ အသက်တိုပြီး မုန်သူတွေ အသက်ရှည်နေကြ” တာလည်း
မဆန်းဘူး၊
တရားမျှတတဲ့ ဇာတ်သိမ်းခန်းဆိုတာ
တနေ့ … အချိန်တန်ရင် မလွဲမသွေ ဆိုက်ရောက်လာမှာ
ကျနော် ...
အခိုင်အမာကို ယုံကြည်တယ် မေမေ။ ။

ကမာပုလဲ
၂၈၊ ၀၈၊ ၂၀၁၀။



http://drlunswe.blogspot.com/2010/08/blog-post_29.html

Friday, August 13, 2010

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ရဲ့၂၀၁၀ ရွေးကောက်ပွဲအား မဲမပေးရေး လှုပ်ရှားမူ / No Voting to the 2010 Election Activity...


ကျတော်၊ကျမတို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့် သူငယ်ချင်းမိတ်ဆွေများသည်ယနေ့ သြဂုတ်လ ၁၂ရက်၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော ဒဂုံမြို့သစ်၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဘုရင့်နောင်၊ ယုဇနပလာဇာ၊ ဒဂုံစင်တာ စသည့်မြို့နယ်များ၊ ဘတ်စကားများ ၊ လမ်းဘေးအုတ်ခုံများ၊ ကားပါကင်များ၊ အများသုံးရေအိမ်များ၊ လမ်းဘေးဓါတ်တိုင်များတွင် ဒေါ်အောင်ဆန်းစုကြည့်ပုံပါ ၊ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြည်သူတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ မဲမပေးခွင့်ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိသည်ဟူသောရည်ရွယ်ချက်ဖြင့် မဲမပေးရန် ပိုစတာများကို ကပ်နှံသည့် လှုပ်ရှားမှုများအား ပြုလုပ်ခဲ့ပါသည်။
ပူတွဲပါဖိုင်အားကြည့်ရှုနိုင်ပါသည်။


We, Generation Wave and other alliance friends, On August 12th 2010, conducted the No-Vote Poster campaigns with the distribution of Daw Aung San Su Kyi picture posters with the purpose of encouraging the public not to take part in the 2010 election in accordance with one of the acts from the 2010 Election Commission: "It is our right to vote or not to vote for 2010 election" in the public places such as public buses,pavements, parking-lots, public rest-rooms, and lamp-posts in Yangon areas including Dagon-Myo-Thit, Inn-Sein, Hlaing-Thar-Yar, Mingalardon, Bayint-Naung, Yazana Plaza, Dagon center.Please see the attached file for your reference.


Best Regards,
EI EI
Generation Wave
www.generationwave.org


Thursday, August 12, 2010

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၂)

                          ၈.၈.၈၈
၁၉၈၈ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားလာခဲ့ပြီး နောက် တနိုင်ငံလုံးအနှံ့ရှိတက္ကသိုလ်များ ကောလိပ်များနှင့် အခြေခံပညာကျောင်းများသို့ပါ ကူးစက်သွားကာ ဇွန်လ အလယ်လောက်မှာပင် ကျောင်းများကို ပြန်ပိတ်လိုက်ပါသည်။ ဇွန်လ တွင်မူ ဇွန် ၂၁ မြေနီကုန်းအရေးအခင်းမှာ သမိုင်းမှတ်တမ်းတင်လောက်အောင်ပင် မဆလ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုက ပြင်းထန်ခဲ့ပေသည်။ ကျနော့် မှာမူ ယင်းလှုပ်ရှားမှုတွင် ကိုယ် တိုင်ကိုယ်ကျမပါဝင်ခဲ့ပါ။ ဤသို့ဖြင့် ဇွန်အရေးအခင်းပြီးသွားပြီးနောက် နယ်မှသွားတက်သော ကျောင်းသားများလည်း ကိုယ်မြို့ကိုယ်ရွာအသီးသီးသို့ ပြန်လည်ရောက်ရှိလာ ခဲ့ပြန်ပါသည်။

ထို ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တက္ကသိုလ်ကျောင်းများသည် ဖွင့်လိုက်ပိတ် လိုက်ကျောင်းသားများကလည်း သွားလိုက်ပြန်လိုက်ဖြစ်နေခဲ့သည်။ ထိုသို့ကျောင်းများပြန် ပိတ်ပြီးနောက် မင်းကိုနိုင် အမည်ဖြင့်ရေးသားသော ကျောင်းသားလှုပ်ရှားမှုကဗျာများ ဦး အောင်ကြီး၏ ၄၁ မျက်နှာပါ ဦးနေ၀င်းသို့ ဗိုလ်ချုပ်ကြီးခင်ဗျား ဟု အမည်ခေါ်ဝေါ်သုံးစွဲကာ ရေးသားသောစာများနယ်များအထိ ပျံ့နှံ့လာခဲ့သည်။ ဦးအောင်ကြီး၏စာမှာ အဓိကအားဖြင့် ၁၉၆၂ က တက္ကသိုလ်သမဂ္ဂဗုံးဖေါက်ခွဲဖျက်ဆီးမှုတွင် သူမပါဘူးဟု ငြင်းချက်ထုတ်သွား တာသာ တွေ့လိုက် ရပါသည်။ ဦးနေ၀င်းကလည်း ဇူလိုင်လ ၂၃ ရက်မဆလပါတီ အရေးပေါ် ညီလာခြုံပုလုပ်သောအခါ ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးဖေါက်ခွဲမှု သည် ၄င်းတွင်လဲတာဝန်မရှိသလိုလို ဦးအောင်ကြီးနှင့် အပြန်အလှန် ဘောလီဘောပုတ် နေခဲ့သည်။ ထိုနောက်ဦးနေ၀င်းက နောင်ဆူဆူပူပူလုပ်တဲ့သူတွေ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်ချောက်တာမပါဘူး ဟု ဒုတ်ကြိမ်းဒါးကြိမ်း ကြိမ်းသွားသည့် သမိုင်းဝင်မိန့်ခွန်းကို ပြောသွားကာ သူ့ရဲ့နိုင်ငံရေးခရီးကို နိဂုံးချုပ်သွားခဲ့သည်။ ဇူလိုင်လ အကုန်ပိုင်းလောက်တွင် ရန်ကုန်၌ ရွှေတိဂုံရင်ပြင် ပေါ်တွင် ၀ါဆိုလပြည့်နေ့တွင် ပြောက် ကျားဆန္ဒပြပွဲများ ဆက်လက်ပေါ်ပေါက်ခဲ့ပြီး ၈ ရက် ၈ လ ၈၈ တွင် တနိုင်ငံလုံးဆန္ဒပြပွဲများ ပြုလုပ်မည်ဟုလည်းသတင်းများပေါ်ထွက်လာခဲ့သည်။

မိမိတို့နယ်များသို့ပြန်လည်ရောက်ရှိနေသောကျောင်းသားများ လည်းကိုယ်နယ် အတိုင်းအတာနှင့်ကိုယ် တတ်နိုင်သမျှလှုပ်ရှားနိုင်ရန် စိတ်တူကိုယ်တူသူများ ကြိုတင်ညှိနှိုင်းမှု များ ပြုလုပ်ပြင်ဆင်ကြသည်။ ကျနော်တို့မှာ ကျောင်းပိတ်ရက်များတွင် နယ်သို့ပြန် ရောက် သည့်အချိန်တိုင်းလိုလို၌ တခါတရံစကားလက်ဆုံကျတတ်သော မော်လမြိုင် တက္ကသိုလ်မှ ရုက္ခှဗေဒ တတိယနှစ် ကျောင်းသားကိုတင်လေး အပါအ၀င် နိုင်ငံရေးစိတ်ပါဝင်စားသော ထားဝယ်မှ မော်လမြိုင် တက္ကသိုလ် ရန်ကုန်တက္ကသိုလ်တို့တွင် တက္ကသိုလ် ကောလိပ် အသီး သီးသွားတက်နေကြသူ အချို့တို့ စုစည်းမိကြသည်။ ကျနော်မှတ်မိသလောက်ပြောရလျှင် ကျ နော်တို့အိမ်သို့သြဂုတ်လ ၁ ရက်နေ့တွင် ကိုတင်လေး နှင့် နောင်ကျနော်အမည်မဖေါ်ပြနိုင် သူ တယောက်တို့ ကျနော့်အိမ်သို့ေ၇ာက်ရှိလာပြီး ကျော်ထင်ဘယ်လိုလဲ ဘယ်လိုလုပ်ကြမ လဲဟု မေးသည်။ ကျနော်က ကျနော်အနေဖြင့် လှုပ်ရှားရန်ဆန္ဒရှိကြောင်း သဘောတူကြောင်း ပြောပါသည်။ သို့သော် ယခုပြင်ဆင်နေစဉ်ကာလတွင် ကျနော့်အနေဖြင့် သိတ်ပေါ်ပေါ်တင် တင်မလုပ်ဆောင်နိုင်ကြောင်း ကျနော့်မှာ ကျောင်းထုတ်ခံထားရတာ တမြို့လုံးသိကြောင်း အာဏာပိုင်တွေလည်းသိကြောင်း ကျနော်လှုပ်ရှားတာနဲ့ အဖမ်းခံသွားရနိုင်ကြောင်း သို့သော်တကယ်တန်း ရှစ်ရက်နေ့ရောက်လို့ဆန္ဒပြပွဲများဖြစ်ပွားလာလျှင် မပါမှာမပူနဲ့ဟု ပြောပါသည်။ ကိုတင်လေးက သိတ်အားမရပါ။ သူက ဒါဆိုရင် ပြင်ဆင်ရေးကာလမှာ မင်းဘာ တွေပါမလဲဟု မေးပါသည်။ (ဒီကကြည့်လျှင်မြေအောက်ပေါ့) အစည်းအဝေးများလုပ်လျှင် တက်ပေးမည် အကြံအဉာဏ်များပေးမည်ဟု ပြောရာ ကျနော်တို့ အစည်းအဝေးတခုလုပ်ရ အောင်ဟု သူကပြောပြီးဘယ်မှာ လုပ်ကြမလဲဟု မေးပါသည်။

ပထမဆုံးအကြိမ်အစည်းအဝေး ကို ကျနော်တို့ နောက်ပိုင်းတွင်သပိတ်စခန်းလုပ်ဖြစ်ခဲ့သည့် ထားဝယ်မြို့ဇေယျဝတီကျောင်း တိုက်တောင်ဘက်စောင်းတန်းတွင် သြဂုတ်လ ၃ ရက်နေ့၌ ဆုံရန် အဲဒီမသွားမီ သွားရန်လမ်း မှ လက်ဘက်ရည်ဆိုင်တဆိုင်တွင် ၉ နာရီကျော်ကျော်ခန့်တွင် ဆုံရန် သူနှင့်ကျနော်က ကျနော်တို့ယုံကြည်စိတ်ချသူ အကြံအဉာဏ်လည်းပေးနိုင်သူ တယောက်စီကို ခေါ်ခဲ့ရန် သဘောတူညီခဲ့ကြသည်။

သြဂုတ်လ ၃ ရက်နေ့တွင် ကျနော်တို့ ၉ နာရီခန့်တွင် သတ်မှတ်ထားသည့် လက် ဘက်ရည်ဆိုင်၌ တွေ့ဆုံ၍ နောက်တဆင့်သတ်မှတ်ထားသည့် ဇေယျဝတီကျောင်းဝင်း တောင်ဘက်စောင်းတန်းသို့သွားကာ အစည်းအဝေးပြုလုပ်ကြသည်။ ကျနော်က ကျနော်တို့ RIT တက်ဘက် ရဲဘော်မျိုးသိန်း (နောက်ပိုင်းတွင် ABSDF နှင့် ယခု ကနေဒါနိုင်ငံ တွင်အခြေချနေထိုင်) အားခေါ်သွားခဲ့ပြီး ရဲဘော်တင်လေးက ကိုအောင်မျိုးမြတ် (သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား) တို့ကို ခေါ်လာခဲ့ကြသည်။ ကျနော် တို့ပြင်ဆင်ရေးအတွက် ဘာတွေပြုလုပ်ကြမည်နည်းဟု ဆွေးနွေးညှိနှိုင်းကြသည်။ လက်ကမ်း ကြော်ငြာများရေးသားဖြန့်ချိလှုံ့ဆော်ရန် သဘောတူကြသည်။ ကိုတင်လေးက ယင်းအတွက် ၄င်းတို့လုပ်ထားမည်ဟု ပြောပါသည်။ နောက်ထပ်တကြိမ် ထပ်မံတွေ့ဆုံရန်လည်း သဘော တူခဲ့ကြပြီး ၅ ရက်နေ့တွင် လောကမာရဇိန် ဘုရားကြီးဝင်း (နောင်ဆန္ဒပြပွဲစတင်သောနေရာ နှင့် ဟောပြောပွဲများ အချိန်အတော်အကြာပြုလုပ်သောနေရာ) မြောက်ဖက်စောင်းတန်းတွင် ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြသည်။ ၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံသောအခါ ဆန္ဒပြပွဲ များပြုလုပ်မည့်အချိန်အတိအကျကို ၈ ရက်နေ့မနက် ၈ နာရီတွင် စတင်ပြုလုပ်ရန် သဘော တူညီခဲ့ကြသည်။ ကိုတင်လေးက ကျနော့်ရဲ့ပါဝင်မှုကို ထိုထက် ထဲထဲဝင်ဝင်ပိုဖြစ်စေချင်နေ သည်။ ကျနော်က အစည်းအဝေးများတွင်သာ တက်ပြီးနောက်ပိုင်းလုပ်ဆောင်မှုတွင် ပါဝင်မှု နည်းနေသေးခြင်းကိုသူကသိတ်အားမရ။ ကျနော်က ကျနော်အခုအခြေအနေမှာ ဒီလောက်အ တိုင်းအတာသာပါထားနိုင်မယ် ဆန္ဓပြပွဲမဖြစ်ခင် ကျနော်အဖမ်းမခံနိုင်သေးဘူးဟု ပြောပါ သည်။ ၆ ရက်နေ့ညနေပိုင်းသို့ရောက်သောအခါ လမ်းတွင် စက်ဘိန်းစီးသွားရင်တွေ့ကြ တော့ ကိုတင်လေးက ဘယ်လိုလဲ ငါတို့တော့လုပ်ထားပြီးပြီဟု ပြောပါသည်။ မင်းပါမှာသေ ချာတယ်မဟုတ်လား ဟု ထပ်မေးပါသည်။ စိတ်သာချဗျာ ဟုကျနော်ကပြောလိုက်ပါသည်။


ကျနော်လည်းကျနော်နည်းကျနော့်ဟန်ဖြင့် ဆက်လက်စည်းရုံးရေးဆင်းနေခဲ့ပါသည်။ ရန်ကုန်တွင် ကျောင်းတက်ဘက် RIT ကျောင်းသားများသို့သွားသည်။ ကိုစိုးတင့်မှာ ထောင်မှပြန်လွတ်လာ၍ ထားဝယ်အိမ်တွင် ပြန်ရောက်လာပြီဖြစ်၍ သူ့ဆီသို့ ၇ ရက်နေ့ည တွင်သွားသည်။ သူ့အမေက လာခေါ်ပြန်ပြီဟု ဆိုသည်။ စိုးတင့်ကတော့ ထွက်တွေ့ပါသည်။ မနက်ဖြန်ကျရင်တော့ ငါကတော့ ဆက်လက်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း မင်းးဆန္ဒရှိရင်လာခဲ့ ဖို့ ဟုပြောပါသည်။ မင်းဘာသာမင်းဆုံးဖြတ်ပါဟု ပြောပြီးပြန်လာခဲ့သည်။ လမ်းတွင် RIT ကျောင်းသားငယ်တဦးနှင့် တွေ့၍ အစ်ကိုဘယ်လိုလဲ စာတွေ့တော့ပျံ့နှံ့နေပြီ မနက်ဖြန် ၈ နာရီ ဖြစ်လားဟု မေးပါသည်။ ဖြစ်ဖို့များတယ် အစ်ကိုတော့လှုပ်ရှားဖြစ်ဖို့များတယ်ဟု ပြော လိုက်ပါသည်။ ကိုမျိုးဝင်းဆီကိုတော့ မသွားဖြစ်ပါ။ သူကလည်း သူ့အမေက တားသည်ဟုသာ သတင်းသဲ့သဲ့ကြားပါသည်။ ကျနော်အိမ်ပြန်ေ၇ာက်ရေမိုးချိုး ထမင်းစားပြီးနောက် အိပ်ရာခင်း နေချိန်တွင် ကိုမျိုးသိန်းရောက်လာသည်။ ဘယ်လိုလဲဟုမေးပါသည်။ အဲဒီအချိန်မှာ အဖမ်းခံ ထားရတာ ၂ ယောက်ရှိနှင့်နေရာ အဲဒီကိစ္စကို ကိုမျိုးသိန်းကမေးတော့ အဲဒီ ၂ ယောက်က တော့ ကိုတင်လေးရဲ့ လူတွေပဲ သူကလည်း ငါ့ကို ငါမလှုပ်ရှားတော့ဘူးပဲထင်နေတယ်။ ငါက လည်း မင်းသိတဲ့အတိုင်း အခြေအနေကြည့်လှုပ်ရှားရတာပေါ့ကွာ။ မနက်ဖြန်တော့လှုပ်ရှားဖြစ် မှာပါ။ ဖြစ်ရင်တော့မင်းလာခဲ့ပေါ့ဟုပြောလိုက်ပါသည်။ ကိုမျိုးသိန်းလည်း အိမ်ပြန်သွားခဲ့ပါ သည်။

ထို ရှစ်လေးလုံးသပိတ်မစခင် ကာလများတွင်ကျနော်က မြေအောက်အစည်းအဝေး များသို့သာ သွားပြီး အဓိကအားဖြင့် လှုံ့ဆော်ရေးကြော်ငြာရေးသားဖြန့်ချိမှုများကို ကိုတင် လေး အဖွဲ့မှသာ တာဝန်ယူလုပ်ဆောင်သွားခဲ့ပါသည်။ ထိုကြောင့်လည်း ကိုတင်လေးက ကျနော့နှင့် ပတ်သက်၍လှုပ်ရှာရန်အလားအလာနည်းကြောင်း ကိုခင်မောင်ချိုနှင့် ပြောဆိုခဲ့မှုကို ကိုခင်မောင်ချို (ခ) ကိုရာမန် (နောင် ABSDF ယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) က ကျနော်တို့၏ ABSDF ဖြတ်သန်းမှုနေ့ရက်များအတွင်း ပြန်၍ ဇာတ် ကြောင်းပြန်ပြောပြခဲ့ပါသည်။ ငါက ၆ ရက်နေ့ညနေက မင်းတို့ အိမ်နားက လဘက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ မင်း ခြင်းခတ်ရာက ခြင်းလုံးလေး ကိုင်ပြီးပြန်လာတာကိုတွေ့ တော့ မင်းဒီလိုအေးအေးဆေးဆေးနေပုံထောက်ရင်တော့ ကိုတင်လေးပြောသလိုပဲ မလှုပ် ရှားနိုင်ဘူးလို့ငါက တွက်ခဲ့တာကွ။

တကယ်တန်း ရှစ်လေးလုံးနေ့ ဆန္ဒပြပွဲများမစတင်မီလေး မှာပင် ကျနော့နှင့် ကိုမင်းဇော်ရွှေ (နောင် ABSDF ယခု နယူးဇီးလန်အခြေချနေထိုင်) ရှစ်နာရီ ထိုး ၁၀ မီနစ်လိုလောက်ကတည်းက ဆန္ဒပြပွဲစတင်ရန်အချိန်းအချက်ပြုထားသည့် ဘုရားကြီး ၀င်း (လောကမာရဇိန်) အတွင်းသို့ စက်ဘိန်းဖြင့် နှစ်ယောက်သားသွား၍ အခြေအနေကြည့် ရာ လောကမာရဇိန်ဘုရား၏ တောင်ဘက်စောင်းတန်းတွင် ရဲများ နံပါတ်တုတ်များကိုင်၍ ထိုင် နေသည်ကို တွေ့ရသည်။ ကျနော်တို့က ကပ်လျက်ရှိသည့် ရွှေတောင်စားစေတီအားပတ်၍ ရှာရာ တောင်ဘက်စောင်းတန်းတွင် ကျနော်တို့ကျောင်းသားအရွယ် ၇ဲဘော်တချို့ထိုင်နေ သည်ကိုတွေ့ရသည်။ သူတို့က ကျနော့်နှင့်မသိ ကိုမင်းဇော်ရွှေနှင့်သိရာ သူကမေးပါသည်။ ဘယ်လိုလဲ ဆန္ဒပြပွဲအခြေအနေ အထာလေးနှင့်မေးသည်။ ဖြစ်မဖြစ်။ သူတို့က ထားဝယ်ကောလိပ်ကျောင်းသားများဖြစ်သည်ဟု တော့ မှတ်မိပါသည်။ သိတ်မကြာမှီမှာပင် လောကမာရဇိန်အရှေ့ဘက်စောင်းတန်း ရဲ့အရှေ့ အုတ်တံတားပေါ်မှ ရဲဘော်လှစိုး (နောင် ABယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) နှင့် ရဲဘော်အောင်သန့် (နောင် AB ယခု ကနေဒါအခြေချနေထိုင်) တို့က ဆန္ဒပြပွဲကို မဆလပါတီအလိုမရှိ တပါတီစနစ်ဖျက်သိမ်းပစ် ဒီမိုကရေစီရရှိရေး ဒို့အရေး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး ကြွေးကြော်သံများဖြင့် စတင် ခဲ့ကြပြီး ကျနော်လည်းစတင်ဝင်ရောက်ကာ ထိုမှတဆင့် သပိတ်က ကျောင်းသား များအများစုရှိနေရာ အထက ၁ ဘက်သို့ ဦးတည်သွားပြီး ကျနော်က အထက ၁ ကျောင်းဝင်းရှေ့အရောက်တွင် ကျောင်းဝင်းရှေ့က အုတ်တံတိုင်ပေါ်တက်၍ ကြွေးကြော်သံ များ တိုင်တည်ကြွေးကြော်၍၄င်း ရဲဘော်ဖုန်းမော်ကျဆုံးမှုအကြောင်းအနည်းအကျဉ်း ပြော ကြား၍ လည်းကောင်းသပိတ်ထဲသို့ ပြောင်ပြောင်တင်းတင်းဝင်ရောက်ခဲ့ပါသည်။ စကားမှာ လည်း အများကြီးဟောပြောနေရန်အချိန်သိတ်မရသေးပဲ ကိုတင်လေး မျက်နှာပိတ်နှင့်က အထက ၁ ကျောင်းဝင်အလွန် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရဲများ မြို့နယ်ကောင်စီဥက္ကဌ ဦးစောရွှေတို့နှင့် သွားရောက်ညှိုနှိုင်းနေပါသည်။ ခဏအကြာတွင်တော့ အာဏာပိုင်များမှ ပိတ်ဆို့သွားသည်များရုတ်သိမ်းပေးလိုက်ပါသည်။

ကျနော်တို့တမြို့လုံးအနှံ့ဆန္ဒပြကြပါ သည်။ ရဲစခန်းတွင် စာရွက်ဖြန့်၍ အဖမ်းခံထားရသူ ၂ ဦးကိုသွားထုတ်ပါသည်။ ထိုရဲစခန်း အုတ်နံရံတွင် နောင် ထားဝယ်တမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂဒုဥက္ကဌဖြစ်လာသူ ကိုအတာ (ရန်ကုန်တက္ကသိုလ်) ကတ၇ားတက်ဟောပါသည်။ ထိုနောက်ကိုတင်လေးက ကျနော်နှင့်လာတွေ့ပြီးဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဟု ဆွေးနွေးပါသည်။ ကျနော်က သပိတ်ကို ဘုရားကြီးဝင်းအတွင်းသို့သာ ဦးဆောင်ခေါ်ယူသွားရန်နှင့် ထိုနေရာတွင် ဟော ပြောပွဲကျင်းပကာ လမ်း၏အရှေ့ဘက်ခြမ်းရှိ ကျနော်တို့ အစည်းအဝေးလုပ်တဲ့နေရာ ဇေယျဝတီကျောင်းတိုက်တွင် ညအိပ်၍ စခန်းချရန် ကျနော်က အကြံပြုရာ မင်းဦးဆာင်ပြီး တော့ လုပ်နှင့်ဦးဟု သူကပြောပါသည်။ ကျနော်သည် ရဲစခန်းမှအပြန် ဘုရားကြီးဝင်းအတွင်း မ၀င်ခင် အုတ်တံတားကြီးလမ်းဆုံ (နောင်တွင် သပိတ်ခေါင်းဆောင်များဖြစ်သည့် ဦးပန်းကျော်ဦးချမ်းလှ နှင့် ကျောင်းသားဟောင်းများအဖွဲ့မှ ကို----(ကျနော်အမည် မမှတ်မိ ဘဲဖြစ်နေ။ ကျနော်တောထဲမထွက်ခင်တွေ့ဆုံခဲ့သူ။ ) နှင့် အရပ်သားအမျိုးသမီး တဦးဈေးမှအပြန်သေနတ်ထိမှန်ကျဆုံး စသူတို့ အာဏာသိမ်းပြီးနောက်တနေ့တွင် ကျဆုံးခဲ့ကြသည့်နေရာ) တွင်လည်းကောင်း ကျနော်တက်ခဲ့သည့် အထက ၄ စသည်တို့တွင် တရားဟောခဲ့ပါသည်။ နောက်ဆုံးတွင် လောကမာရဇိန် နှင့် ရွှေတောင်စားစေတီ ဘုရားကြီး ၀င်းအတွင်းသို့ ရောက်ရှိလာကာ ကျနော်က ယင်းဝင်းအတွင်းသို့ရောက်ရှိစဉ်တွင်မှ ဖုန်းမော်အရေးအခင်းအကြောင်း အကျယ်တ၀င့်ဟောပြောခဲ့ပါသည်။ ထိုအချိန်ကပင် ဆန္ဒပြပွဲသို့ရောက်ရှိလာသူအရေအတွက်မှာ ထောင်သောင်းချီနေခဲ့ပါသည်။ ကျနော့်ဘ၀တွင် ထိုကဲ့သို့ ထောင်ချီသော သူများကို တခါမှမိန့်ခွန်းမပေးဖူးပါ။ ပြောချင်လွန်း၍ စကားများပင် အဆင်ပြေပြေပြောနိုင်အောင်အတော်ကြိုးစားရပါသည်။ လူထု၏ လက်ခုပ်သံများကို ယနေ့တိုင်ကြားယောင်နေဆဲဖြစ်ပါသည်။ ကျနော်ဟောပြောပွဲစင်မြင့်ပေါ်မှ ဦးဆောင်ကြွေး ကြော်ပေးသော တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေးကြွေးကြော်သံများ ကို တက်ရောက်လာသောလူထုကြီးက တပြိုင်နက်ကြွေးကြော်လိုက်သည့် ဘ၀ဂ်ညံသွားသော ကြွေးကြော်သံများ ယနေ့တိုင် ပဲ့တင်ရိုက်ခတ်နေဆဲဖြစ်ပါသည်။
ကျော်ထင်

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၁)။

                                                       ၈.၈.၈၈
ကျနော်၁၉၈၈မတ်လအရေးအခင်းပြီးတော့ ဧပြီလ ၂၀ ရက်နေ့တွင် ကျောင်းအထုတ် ခံရသည့်စာကို လက်ခံရရှိခဲ့ပါသည်။ ကျနော်တို့ထားဝယ်ကနေ RIT သွားတက်ခဲ့သည့် ကျောင်း သား ၁၀ ယောက်ခန့်အထဲ တွင် ၃ ယောက်အထုတ်ခံရရာ ကျနော်ရယ် ကိုမျိုးဝင်း (အဲဒီအ ချိန်က သူက စက်မှုနောက်ဆုံးနှစ်ကျောင်းသား ယခု ABSDF ဒုဥက္ကဌ) (ကျနော်က ပဉ္စမ နှစ်လျှပ်စစ်စွမ်းအား) နောက်ကိုစိုးတင့်(အဲဒီ ၈၈ ခုနှစ်တုန်းက သူက စတုတ္ထနှစ် စက်မှု ကျောင်းသား ဖြစ်ပြီး ကျနော်တို့ကျောင်းထုတ်သည့်စာလက်ခံရရှိသည့်အချိန်တွင်သူက မတ် လအရေးအခင်းအပြီး 141 အဖြစ်နာမည်ကြီးခဲ့သည့် အဖမ်းခံရသည့်အုပ်စုတွင်ပါသွားခဲ့ ရာထားဝယ်တွင်မရှိ ရန်ကုန်ရှိ အင်းစိန်ထောင်တွင်ရောက်ရှိအကျဉ်းကျနေ) (ယခု ပြည်တွင်း နေထိုင်)ပေါင်း ၃ ဦးကျောင်းအထုတ် ခံခဲ့ရသည်။ ကျောင်းအထုတ်ခံရတော့စိတ်မကောင်း တော့ဖြစ်မိသည်။ သို့သော် မိမိတို့ထက်ပို၍စွန့်လွှတ် အနစ်နာခံသွားကြသည့် ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်၍ အမှန်တရားအတွက် ပြည်သူအတွက် ရဲရဲကြီးဆက် လက်တိုက်ပွဲဝင်ရန်အ တွက်သာ စိတ်ကိုဆုံးဖြတ်ပြင်ဆင်ထားခဲ့သည်။

ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျနော်တို့မှာ ကျောင်းပြန်သွား တက်ခွင့်မရတော့ သူများတွေအလျှိုလျှိုကျောင်းပြန်သွားတက်ရန် ရန်ကုန် မော်လမြိုင်တို့သို့ ကျနော်တို့ကျောင်းတက်စဉ်က သွားနေသလို သွားကုန်ကြသည်။ သို့သော် ကျနော်တို့စိတ် ကသိနေသည့် ဒီတခါကျောင်းပြန်ဖွင့်လည်း ဟုတ်တိပတ်တိ ပြန်ဖွင့်နိုင်လိမ့်မည်မဟုတ်။ ကျောင်းသားလှုပ်ရှားမှုဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ သူများတကာတွေ လေ ယာဉ်ခရီးစဉ်အသီးသီးဖြင့် ကျောင်းသွားတက်ကြသောအခါ ၀မ်းနည်းစိတ်ဖြစ်နေနိုင် မည်ဆို သည်ကို တွက်ချက်မိ၍လားမသိ၊ အာဏာပိုင်များက ကျနော်ရယ် ကိုမျိုးဝင်းရယ်ကို အသနား ခံစာတင် ရန် ချဉ်းကပ်လာပါသည်။ ထားဝယ်မြို့နယ်ပညာရေးမှုးရုံးသည် မိမိတို့နှင့်သိကျွမ်းသူ ဆ၇ာတဦးမှတဆင့် အသနားခံစာတင်ရန်လာရောက်ကမ်းလှမ်းလာပါသည်။ မြို့နယ်ပညာရေး မှုးရုံးသည် ထိုကဲ့သို့သောကိစ္စမျိုးကို အာဏာပိုင်တို့ထံမှလာသော အကြံအဉာဏ်မဟုတ်ပါ ဘဲလျက်မပေးရဲပါ။ မကမ်းလှမ်းရဲပါ။ ထားဝယ်ရှိထောက်လှမ်းရေး ၁၉ (MI 19) မှလာသော အကြံအဉာဏ်သာဖြစ်ပေလိမ့်မည်ဟု ရိပ်စားမိခဲ့ပါသည်။ ထိုအချိန်က သူငယ်ချင်းတွေက လည်းကျောင်းပြန်တက်ဖို့သွားတော့ ကိုယ်ကတက်ခွင့်မရ သွားခွင့်မရတော့ ခါတိုင်းလိုပဲသွား ချင်လာသဖြင့် အသနားခံစာရေးသားတင်ပြရန်သူတို့ခေါ်ယူတွေ့ဆုံသည့် အထက ၁ ကျောင်းဝင်းအတွင်းရှိ ဆရာများအဆောင်တခုသို့သွားရောက်ကာ မည်သို့အသနားခံစာရေး သား တင်ပြရမည်နည်းဟူသည်ကို ပြပေးမည်ဆရာတချို့နှင့်သွားရောက်တွေ့ဆုံခဲ့ရပါသည်။ ထိုဆရာတချို့က ရေးသားပုံရေးသားနည်း ရေးသားရန်စိတ်ကူး စသည်တို့ကိုပြောဆိုကာ ကျနော်တို့ကရေးသားခဲ့ကြပါသည်။ ကျနော်ရယ် ကိုမျိုးဝင်းရယ် သွားရောက်တွေ့ဆုံကာရေး သားခဲ့ခြင်းဖြစ်သည်။ ထိုဆရာများက နောက်ဆုံးတွင် မြို့နယ်ရဲစခန်းထောက်ခံစာ ယူရမည်ဟု ဆိုလာပါသည်။ ထိုကျောင်းပိတ်နေစဉ်ကာလတ လျှောက်လုံးတွင် စည်းကမ်းနှင့်အညီ ထားဝယ်တွင်နေထိုင်ကြောင်း မည်သည့်ဆူပူလှုပ်ရှားမှုမှ မလုပ်ကြောင်း ရဲစခန်းထောက်ခံစာ နှင့်ပူးတွဲတင်ပြရမည်ဟု ဆိုလာပါသည်။ ထိုတောင်းပန်စာ ရေးရန် ၂ ရက်လောက်သွားဖြစ်ခဲ့ ပြီး ရဲစခန်းထောက်ခံစာယူရမလားဟု စဉ်းစားနေမိပါသည်။ နောက်ဆုံးတွင် ကျနော်တိတိ ကျကျ ဆုံးဖြတ်လိုက်ပါသည်။ ရဲစခန်းထောက်ခံစာလည်း မယူ တော့၊ ဒီတောင်းပန်စာလည်း မတင်တော့ဘူးဟု။ ထိုအချိန်က ကျောင်းသားလှုပ်ရှားမှုများနှင့် ပတ်သက်၍ ကျောင်းသားလှုပ် ရှားမှုကြောင့် တစုံတရာကျောင်းသားထုတွင်ထိခိုက်နစ်နာမှုများ ရှိနှင့်ခဲ့ပြီးဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြီးကြီးမားမားကြီးတော့မရှိသေးဟု ဆိုချင်ဆိုနိုင်ပေသေးသော အချိန် ကာလပင်ဖြစ်နေသေးသည်။ ဇွန်လအရေးအခင်းပင်ကောင်း ကောင်းဖြစ်မလာသေး။ ငါမှန်လို့လုပ်ခဲ့တာ ဘာလို့တောင်းပန်ရမှာလဲ၊ ဆိုပြီး ငါ့အနာဂါတ်ထိခိုက်ရင်ထိခိုက်ပါစေကွာ ဆိုပီး မတင်တော့ရန် ဆုံးဖြတ်ချက်ချပြီး မတင်တော့ပါ။ အဖေနဲ့အမေက မေးတော့တင် လိုက်ပြီဟု ပြောလိုက်ပါသည်။ သူတို့စိတ်ချမ်းသာအောင်ပေါ့။ ကျနော် ထိုကဲ့သို့ဆုံးဖြတ်ပြီး သိတ်ပင်မကြာလိုက်ပါ ဇွန်လဆန်းတွင် ရန်ကုန်တက္ကသိုလ်တွင် ဇွန်အရေးအခင်းစတင် ဖြစ်ပွားလာခဲ့ပါသည်။

ရှစ်လေးလုံးမတိုင်ခင် ကျနော့်၏ မဆလ အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးစိတ်ဓါတ် နှင့်နိုင်ငံရေးလုပ်ဆောင်မှုတို့နှင့်ပတ်သက်၍ ကျနော်ဂုဏ်ယူဝင့်ကြွားမိသော လုပ်ဆောင်ချက် ၃ ခုရှိပါသည်။ နံပါတ် ၁ လမ်းစဉ်လူငယ် လုံးဝမ၀င်ခဲ့ပါ။ ကျနော် ၁၀ တန်းနှစ်တွင် ကျောင်းက လမ်းစဉ်လူငယ်ဝင်ရမည်ဟု ပြောသည်။ သို့သော်ရပ်ကွက်တွင် ၀င်ထားပြီးသူ ကျောင်းမှာ ထပ်လျှောက်စရာမလိုဘူးဟု ဆရာမက ပြောသောအခါ ကျနော်က ရပ်ကွက်တွင် တကယ် တန်းမ၀င်ထားရပါဘဲလျက် ရပ်ကွက်တွင် ၀င်ထားနှင့်ပြီဟုပြောပါသည်။ မင်းမှာနံပါတ်ရှိလား ဟုမေးသောအခါ ဒီနွေကျောင်းပိတ်တုန်းကပဲ ရပ်ကွက်လမ်းစဉ်လူငယ်ခေါင်းဆောင်က မေး ရန် form ဖြည့်ပြီးပေးထားပါသည်။ နံပါတ်မကျသေးပါဟုပြောလိုက်ပါသည်။ ဆရာမက လမ်း စဉ်လူငယ်ဝင်ထားရန် နောင်အလုပ်တွေဘာတွေလျှောက်ရင်ကောင်းသည်ဟု ပြောပါသည်။ မင်းမှာအဲဒီနံပါတ်တွေဘာတွေမရှိရင် မင်းနစ်နာမှာစိုးလို့ပါဟု ဆရာမကပြောပါသည်။ ရပါ တယ်။ ကျနော်ရပ်ကွက်မှာလျှောက်ထားတာ နောင်နံပါတ်ရလာမှာပါ ဆရာမဟု ပြောကာ ကျနော်လမ်းစဉ်လူငယ်လုံးဝမလျှောက်ခဲ့ပါ။ အဲဒါ ၁၉၈၂ နှစ်လည်ပိုင်းလောက်သာရှိပါသေး သည်။ ကျနော်ဘာဖြစ်လို့လည်းမသိ လမ်းစဉ်လူငယ်ရယ် မီးသတ်ရယ်ကို သိတ်အမြင်ကတ် ခဲ့ပါသည်။ သူများယောင်၍ ကိုယ်ယောင်ကလုပ်နေကြသည့်သူများသာ များပြီး ဘာမှဟုတ်တိ ပတ်တိအဓိပ္ပါယ်ရှိတာတွေမတွေ့ရ၍ဖြစ်သည်။ ကျနော်ရဲ့ လမ်းစဉ်လူငယ်မ၀င်ခဲ့သည့် လမ်းစဉ်လူငယ်မဖြစ်ခဲ့သည့် အဖြစ်ကို ယနေ့တိုင် ကျနော်ဂုဏ်ယူနေပါသည်။ နောင်တခုမှာ ကျနော်အထက်က ပြောသကဲ့သို့ မတ်လ ကိုဖုန်းမော်အရေးအခင်းတွင် တက်ကြွစွာပါဝင်မှု ကြောင့် ကျောင်းအထုတ်ခံရခြင်းဖြစ်ပြီး နောက်ဆုံးတခုမှာ ကျောင်းပြန်တက်ခွင့်ရဖို့အတွက် အသနားခံစာတင်ရန် ပြောဆိုလာခဲ့မှုအား မတင်ခဲ့ရန် ဆုံးဖြတ်နိုင်ခဲ့မှုပင်ဖြစ်သည်။
 
ကျော်ထင်