Tuesday, September 21, 2010

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။


Best regards

AN

1 comment:

  1. ရွေးကောက်ပွဲကိုဘာကြောင့်မထောက်ခံသလဲဆိုတာထက်အရင်ပြောရမှာက-(၁)တိုင်းသူပြည်သားတွေကိုနားလှည့်ပြီးပါးရိုက်ထားသည့်၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတုကစပြောရပါလိမ့်မယ်။၂၀၀၈ဖွဲ့စည်းပုံအတုမှာအပိုဒ်ခွဲ၉( )မှာတိုင်းပြည်ဆူပူမှုဖြစ်လာရင်(သို့မဟုတ်)မခြမ်မသက်လိုယူဆရလျှင်စစ်တပ်မှာ၇ှိသည့်စစ်ဦးစီးချုပ်ကတိုင်းပြည်ကိုအချိန်မရွေးအာဏာသိမ်းနိုင်တယ်လို့ပြဆိုထားတယ်။(၂)ဒီဖွဲ့စည်းပုံဟာတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေကိုအာမခံချက်လုံးဝမပေးထားဘူး။(၃)တိုင်းပြည်မှာတရားဝင်မှုမရှိတဲ့လူသတ်ကောင်တွေကတိုင်းပြည်ကိုအုပ်ချုပ်ဘို့အတွက်ဖွဲ့စည်းပုံရေးဆွဲပိုင်ခွင့်သူတို့မှာလုံးဝမရှိဘူး။သူတို့သည့်နာမည်ဆိုးဖြင့်ကျော်ကြားနေသောရာဇ၀တ်ကောင်များဖြစ်ပေသည်။ထိုရာဇ၀တ်ကောင်များက၁၉၉၀ခုနှစ်ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာတခဲနက်မဲဆန္ဒအများဆုံးရခဲ့တဲ့NLDကိုအာဏာမအပ်နှင်းခဲ့ဘူး။ဒါဟာလူသတ်လက်နက်ကိုကိုင်ဆောင်ထားတဲ့၊လူသတ်လက်နက်ကိုင်တပ်တွေကိုအုပ်ချုပ်တဲ့၊တပ်မတော်ကြီးတခုလုံးကိုကိုယ်စားပြုတဲ့ဗိုလ်ချုပ်တွေ၊စစ်ကောင်စီဝင်တွေပေးခဲ့တဲ့စစ်တပ်ကိုယ်စားပြုကတိကိုအလွဲသုံးစားလုပ်တဲ့အပြင်စစ်တပ်နှင့်လူထုအတွင်းသဘောထားကွဲအောင်စစ်တပ်မှာကြီးစိုးချယ်လှယ်နေတဲ့စစ်အုပ်စုထဲကလူတစုရဲ့တိုင်းပြည်အပေါ်ဂြိုလ်မွှေနေတဲ့ဆိုးကြိုးတွေပဲဖြစ်တယ်။(၃)သူတို့ဂြိုလ်မွှေထားတဲ့ကိစ္စကိုသူတို့မှန်မှန်ကန်ကန်မဖြေရှင်းပဲတိုင်းပြည်ထဲမှာရှိတဲ့ရိုးသားတဲ့၊လူထုကြီးကိုမုသာဝါဒတွေမိုးလုံးပြည့်သုံးဆွဲဝါဒဖြန့်၊တိုင်းပြည်မှာအလွန်ကြည်ညိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုစော်ကားတဲ့အပြင် အခြားခရစ်ယာန်ဘုရားကျောင်းတွေရဲ့အထွဠ်အမြတ်ထားရာလက်ဝါးကပ်တိုင်တွေကိုမီးရှို့၊ဘုန်းတော်ကြီးတွေကို သင်ကန်းချွတ်လူဝတ်လဲ၊ထောင်သွင်းအကျဉ်းချ၊ထောင်ထဲမှာဘုန်းတော်ကြီးတွေကိုအလွန်းမိုက်ရိုက်စွာဆက်စံ၊ဖအေနှမနဲ့ဆဲဆို၊တိုင်းပြည်မှာအမှန်တကယ်တော်တဲ့၊ထက်မြက်တဲ့၊ရိုးသားတဲ့ခေါင်းဆောင်တွေကိုထောင်သွင်းအကျဉ်းချနှိပ်စက်၊ဒီလိုရက်စက်လို့အားမရတဲ့အပြင်ရွေးကောက်ပွဲကို၂၀၁၀မှာလုပ်မယ်ဆိုပြီးဘီလူးခေါင်းကိုခွာပြီးလုထုကြားထဲမှာမင်းသားခေါင်းပေါင်းစောင်းဘို့ပြင်နေရင်းနဲ့ဇာတိပြလာတာကတော့-ပဲခူးမှာကျောင်းသားလူငယ်တွေကိုစစ်ပွဲမှာစစ်ဖြစ်လျှင်၊ရန်သူနဲ့ရင်ဆိုင်ရတဲ့အချိန်ကြလျှင်ရင်ဆိုင်ပစ်ခတ်ဘို့ပေးထားတဲ့လူသတ်လက်နက်တွေနဲ့ကျည်ဆံ(၁၀)တောင့်နဲ့ပစ်သတ်သွားကိုသတင်းစာမှာပြန်လည်ခုခံရတာပါလိုလူထုကိုဗြောင်လိမ်ဗြောင်စားလုပ်သွားတယ်။ဒါအပြင်ဒါမျိုးကဖြစ်တတ်ပါတယ်တဲ့။တောက်-အရပ်ရပ်နေပြည်တော်ကြားလို့မှမကောင်း။ဒီလိုလူထုကိုသတ်၊ကျောင်းသားကိုသတ်၊ထောင်ချ၊ဘုရားသားတော်တွေကိုရက်ရက်စက်စက်စော်ကား၊တိုင်းပြည်ထဲမှာကျောင်းနေရွယ်လူငယ်လေးတွေကိုအသက်မပြည့်ပဲစစ်တပ်ထဲအတင်းသွပ်သွင်းလူသတ်ဘီလူးတွေကိုလာမယ့်၂၀၁၀ရွေးကောက်ပွဲမှာထပ်ပြီးတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ထပ်ပေးဦးမယ်ဆိုလူထုကြီးရေ-သင်တို့ရဲ့သားသမီးတွေစစ်တပ်ထဲကိုထပ်မံသွပ်သွင်းခြင်းခံရမယ်၊ဒိထက်ပိုမိုရက်စက်လာမယ်။လူထုကြီးထံမှာ၇ှိနေတဲ့ဆင်း၇ဲမှုတွေပိုများလာမယ်၊အငတ်ဘေးတွေပိုများလာမယ်၊လူ့အခွင့်အရေးတွေပိုမိုဆုံးရှုံးလာမယ်။ဒီရွေးကောက်ပွဲဟာအဆိပ်တွေခတ်ထားတဲ့-ဟန်းလော့အဆိပ်ထက်ပြင်းထန်တဲ့ရလဒ်တွေရလာမယ်။ဒီရွေးကောက်ပွဲဟာလူထုကြီးအတွက်အဖြေမဟုတ်ဘူး။ဒီရွေးကောက်ပွဲဟာတိုင်းပြည်ပြသာနာရဲ့အဖြေမဟုတ်ဘူး။ဒီရွေးကောက်ပွဲဟာလူထုကြီးအတွက်သုခဘုံမဟုတ်ဘူးငရဲဘုံဖြစ်တယ်။ဒီရွေးကောက်ပွဲကိုဝင်နေတဲ့သူတွေဟာသူခိုးအဖြစ်သေဖော်ညှိခံထားရတဲ့သူတွေပါ။သူတို့ဟာတိုင်းပြည်ကိုစွမ်းစွမ်းတမံမဦးဆောင်နိုင်ပါဘူး။သူတို့ဟာတိုင်းပြည်ကြီးစစ်မီးတောက်နေတဲ့အချိန်မှာစဗျစ်ရည်သောက်၊စန္ဒယားတီးပြီးနေသာသလိုနေခဲ့ကြတဲ့သူတွေ၊အနစ်နာခံခဲ့တဲ့ရာဇ၀င်မရှိပါဘူး၊ရှိခဲ့ရင်လည်းဒီလိုအခွင့်အရေးရဘိုလုပ်ခဲ့တယ်လို့ပဲသတ်မှတ်ရလိမ့်မည်။လူတယောက်ရဲ့တန်းဘိုးဟာ သူ့ပုခုံးအပေါ်ကို လူထုကြီးက တင်ပေးလိုက်သည့် အမှန်တရားရဲ့ သမိုင်းပေးတာဝန်ကို သူတို့ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်တယ်ဆိုတဲ့အချက်တွေနဲ့ ဒီနေ့မှာတိုင်းတာကြည့်ပါ။အဲဒီမှာ-ကိုယ်လွတ်ရုန်းပြီးသွေးရူးသွေးတန်းတွေနဲ့ သီလတရားမရှိစွာနဲ့အကြောက်အကန်အကြောင်းပြငြင်းဆန်နေကြတာကိုတွေ့ရလိမ့်မယ်။ဒီတော့လူထုကြီးအနေဖြင့်၂၀၁၀ကိုပြင်းထန်စွာကန့်ကွက်ကြဘို့တာဝန်ရှိတယ်။ကန့်ကွက်တဲ့နေရာမှာ-ဒီရွေးကောက်ပွဲကိုမဲမပေးပဲနေချင်တယ်ဆိုနေလို့ရတဲံအခွင့်အရေးလူထုကြီးဆီမှာအပြည့်ရှိတယ်။ဒီအခွင်းရေးဟာသူတို့ရေးဆွဲထားတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာအတိအကျပြဌာန်းထားတယ်။တတိုင်းပြည်လုံးမဲမပေးတာအကောင်းဆုံးပဲ။မဲရုံကိုမတတ်သာလို့ကုတ်နဲ့ကော်ပြီးတွန်းပို့ရင်တောင်ဗလာမဲ(သို့)ကန့်ကွက်မဲသာပေးပြီးအိမ်ပြန်ခဲ့။လူထုအရေးတော်ပုံအောင်ရမည်၂၀၁၀အတုအယောင်ရွေးကောက်ပွဲကျဆုံးရမည်။

    ReplyDelete