Thursday, October 24, 2013

Sunday, March 31, 2013

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်သဘောထား ထုတ်ပြန်ချက်

မြန်မာပြည်ဒီမိုကရေစီရရှိရေး ပူးပေါင်းဆောက်ရွက်မှု ကော်မီတီ

Joint Action Committee for Democracy in Burma

Sydney - Australia

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်သဘောထား ထုတ်ပြန်ချက်

နေ့စွဲ ။ မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ်

JACDB သည် ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သြစတြေလျ နိုင်ငံ ဆစ်ဒနီမြို တွင် တွေ့ဆုံဆွေးနွေးမှု တခု ပြုလုပ်ခဲ့ပါသည်။

JACDB သည် မြန်မာပြည် ဒီမိုကရေစီ ရရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တခုပေါ်ထွန်းလာရေးအတွက် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် လက်ရှိအစိုးရတို့အကြား တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ တိုင်းပြည်၏ ပြဿနာများကိုဖြေရှင်းနိုင်သည် ဟု ယုံကြည်ထားသည့်အတိုင်း ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် လက်ရှိ ဦးသိန်းစိန် အစိုးရ ၏ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်မှုများကိုမိမိတို့အနေဖြင့် ကြိုဆိုသော်လည်း သံသယစိတ်များရှိနေသေးဆဲဖြစ်ပြီးအခြေအနေများကို စောင့်ကြည့်လေ့လာနေမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်သည်များကိုအကူအညီပေးရန်အသင့်ရှိကြောင်း၊ မြန်မာပြည်ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် အဓိက အတားအဆီးတခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေးကို အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းကြောင်းဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာပြည်၏ အဓိကပြဿနာ နှစ်ရပ်ဖြစ်သည့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေး နှင့် တိုင်းရင်းသားများ၏ တန်းတူရည်တူ အခွင့်အရေးရရှိရေးကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်း ၊ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တောင်းဆိုချက်များကိုမိမိတို့အနေဖြင့်အပြည့်အဝ ထောက်ခံကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဖော်ဆောင်မည်ဆိုလျင် တတိုင်းပြည်လုံး အပြစ်အခတ် ရပ်စဲရေးလိုအပ်ပြီး အပစ်အခတ်ရပ်စဲထားသော ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကိုလုံးဝ ရပ်ဆိုင်းရန်လိုအပ်ကြောင်း ၊ လက်ရှိအနေအထားများအရ ယာယီအပြစ်အခတ်ရပ်စဲရေးအဆင့်သာရှိသေးပြီး ခိုင်မာသောအပြစ်အခတ်ရပ်စဲရေးအဆင့်သို့ရောက်ရှိရန် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရန် လိုအပ်ကြောင်း ၊ နိုင်ငံရေး အရ အပြည့်အဝ သဘောတူညီချက်များရပြီးမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း ၊ စစ်မက်ဖြစ်ပွားနေသော ဒေသများတွင် စစ်ပြေးဒုက္ခသည်များအပေါ် နိုင်ငံတကာအပါအဝင် လူမှုရေး ထောက်ပံ့ကူညီမှုများကို ပိတ်ပင်တားဆီးမှုများ မပြုလုပ်ရန် တိုက်တွန်းကြောင်းဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်တော်အနေနှင့်လည်း စစ်အစိုးရအဆက်ဆက် ပြဌာန်းကျင့်သုံးခဲ့သည့် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကိုပြုပြင်ဖျက်သိမ်းရန် အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်ပေးရေးကိုလည်းတောင်းဆိုကြောင်း၊ လက်ရှိမြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများအပေါ် မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ရကြောင်း၊ ပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးအတွက် အစိုးရအနေဖြင့် တရားနည်းလမ်း တကျ ထိရောက်စွာ ထိမ်းသိမ်းအရေးယူပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့သည်။

သူရဦးရွှေမန်းမှ ပွင့်လင်းစွာဆွေးနွေးမှုများအပေါ်လေးစားတန်ဘိုးထားကြောင်း၊ ခေတ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကိုဖျက်သိမ်းပြင်ဆင် ရန်ကော်မီတီများဖွဲ့စည်းလုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပါတ်သက်၍ လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် အချက်အလက်များကိုပြင်ဆင်ရန်လိုအပ်သည်ဟု ယုံကြည်ကြောင်း၊ သူ့အနေဖြင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၏ ဥပဒေအပေါ် လေးစားလိုက်နာမှု အားနည်းချက်များ ရှိခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ကြောင်း ၊ စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့လိုက်နာကျင့်သုံးမှု အားနည်းခဲ့ကြောင်း ၊ စစ်သားဟောင်းတယောက်အနေဖြင့်လည်း ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပါတ်သက်၍လည်း သူုတို့လူကြီးပိုင်းတွင် နားလည်မှုအားနည်းနေကြောင်း၊ နိုင်ငံတကာဥပမာများကို လေ့လာပညာပေးမှုများလုပ်ဆောင်နေကြောင်း၊ စနစ်ဟောင်း၏ အတွေးအခေါ်အကျင့်ဟောင်းများကျန်ရှိနေသေးကြောင်း စသည်ဖြင့်ပြန်လည်ဆွေးနွေးခဲ့ပါသည်။

JACDB အနေဖြင့် ယခုကဲ့သို့ လက်ရှိ အစိုးရ၏ ခေါင်းဆောင်များမှ အတိုက်အခံအင်အားစုများဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းအဖြေရှာ သည့် အလေ့အထ၊ ယဉ်ကျေးမှု တခု လက်ခံကျင့်သုံးလာခြင်းကိုကြိုဆိုပြီး ယခုကဲ့သို့ ရိုးသားပွင့်လင်း ၍အပြန်အလှန်လေးစားမှုရှိသည့် တွေ့ဆုံဆွေးနွေးမှုအစဉ်အလာကောင်းများကို ဆက်လက်ဖေါ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။

JACDB (Sydney - Australia)

ဆက်သွယ်ရန် - ဦးစောလွင်ဦး ၀၄၁၂၃၄၄၀၀ ၊ အောင်နိုင် ၀၄၁၃၃၃၅၆၂၉

 

Sunday, November 4, 2012

ABSDF ၂၄ နှစ်မြောက်အခမ်းအနား (ဆစ်ဒနီ)


၂၄ နှစ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အခမ်းအနားနှင့်ABSDF  တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိတ်ဆွေများ ညစာ မိတ်ဆုံစားပွဲအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 2/11/12 နေ့၌ ညနေ ၇ နာရီခန့်မှ ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ရာ နယူးဆောက်ဝေး ပြည်နယ်နှင့် သြစကြေးလျားနိုင်ငံ မြို့တော် ကမ်ဘာရာရောက် ABSDF တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများ၊ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများများမှ အဖွဲ့သင်များ၊ ဆစ်ဒနီမြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ် ညီမငယ်တဦး ဖြစ်သူ သံစဉ်ရတနာက ဆောင်ရွက်ခဲ့ပြီး  ABSDF Australia, Sydney Branch မှ အတွင်းရေးမှူးများ အဖွဲ့ဝင် တဦးဖြစ်သူ ကိုသန်းထွဋ်ဆွေက အခမ်းအနားကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို ညနေ ၇ နာရီခန့်မှာ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး  ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ပါသည်။

 အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးနောက် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အလးပြုပြီး ABSDF မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသေဆုံး ရဲဘော်များအား ဂုဏ်ပြုပြီး ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် တမိနှစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ဒံပေါက်ထမင်းမြင့် ညနေစာ မိတ်ဆုံ စားသောက်နေစဉ် ABSDF ၂၄ နှစ်ကြာ လှုပ်ရှားခဲ့သည့် မှတ်တမ်းတင် ဓာတ်ပုံတွေကို ဆလိုက်ထိုး ပြသခဲ့ပါသည်။

ကိုသန်းထွဋ်ဆွေမှ ကျေးဇူးတင်စကားနှင့် အခမ်းအနား ကျင်းပရခြင် ရည်ရွယ်ချက်ကို ပြောကြားနေစဉ်
ပြီးနောက် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့သော ဗီဒီယိုကို ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ကိုသန်းထဋ်ဆွေမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် လုပ်အား ငွေအားဖြင့် ၀ိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်စကားနှင့် အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခြင်း၊ အခမ်းအနား အထိမ်းအမှတ်အဖြစ် အခမ်းအနားအကြိုနေ့ရက်တွေမှာ ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းပွဲတွင် ဆုရရှိသော အသင်းများစာရင်းကို ကိုနိုင်အောင်က ကြေညာပြီး ဆုချီးမြှင့်ခဲ့ပါသည်။ ပြီးနောက်မှာတော့ တေးဂီတ ဖျော်ဖြေမှု အစီစဉ်ဖြင့် အခမ်းအနားကို ဆက်တိုက်ကျင်းပသွားပြီး အဆုံးသတ်ခဲ့ပါသည်။ 
ABSDF ဗဟိုမှ ၂၄ နှစ်မြောက် ထုတ်ပြန်ချက်ကို ABSDF တပ်ရင်း (၂၀၇) မှ တပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်ခဲ့သူ ကိုဝင်းဦးက ဖတ်ကြားပြီးနောက်၊ ကိုသန်းထွဋ်ဆွေက  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ လုပ်အား၊ ငွေအား ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ပြီးနောက် တဆက်တည်းမှာ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ABSDF တပ်ဖွဲ့ဝင်ဟောင်းများအား ABSDF ကို နိုင်သည့်နည်းနှင့် ပံ့ပိုးကူညီကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။ ပြောကြားချက် အသေးစိတ်ကို အောက်မှာ ဖေါ်ပြထားပါသည်။ 
အခမ်းအနားသို့  တက်ရောက်သူ တဦးချင်းစီအား လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာဖြင့် ကြိုတင်ရောင်းချထားခြင်း (သို့) အခမ်းအနားအ၀င်ဝတွင် ရောင်းချပြီး ABSDF ဗဟိုကို ပို့ပေးရန် အတွက် ရန်ပုံငွေကို စုဆောင်းခဲ့ပါသည်။ ညစာစားပွဲမှ လက်မှတ်ရောင်းချရာမှ ရရှိသည့် ရန်ပုံငွေအပြင် ABSDF တပ်ဖွဲ့ဝင်ဟောင်းမိသားစုတချို့မှ စေတနာထက်သန်စွာဖြင့် သီးသန့် ငွေသားထည့်ဝင်လှူဒါန်းခြင်းများလည်း ရှိကြောင်းသိရပြီး ညစာစားပွဲလက်မှတ် ရောင်းချ၍ ရရှိသောရန်ပုံငွေနှင့် ငွေသားသီးသန့်လှူဒါန်း၍ ရရှိသည့် ဤအခမ်းအနား အထိမ်းအမှတ်အဖြစ် ရရှိသော ရန်ပုံငွေ အားလုံးကို နယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ ကိုသန်းထွဋ်ဆွေ ပြောကြားခဲ့သည့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် အသေးစိတ်ကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကိုအေးပိုင်မှ ဒေါင်းတမန်သီချင်းကို သီဆိုနေစဉ်


ပိုက်ကျော်ခြင်းတွင် ပထမဆုရရှိသော အသင်းကို ကိုနိုင်အောင်က ကြေညာပြီးနောက် အသင်းကိုယ်စားလှယ် ကိုစနေက ဆုယူစဉ်

အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်

 မြန်မာနိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တွေဟာ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့တယ်။ ဖိနှိပ်အုပ်ချုပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် ABSDF ကျောင်းသားတပ်မတော်ဆိုတာ ပေါ်ပေါက်လာခဲ့တယ်ဆိုတာ မျိုးဆက်သစ် လူငယ်တွေကြားမှာ အမြဲသတိရနေစေချင်ပြီး စစ်အာဏာရှင်စနစ်ဆိုး မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထပ်မံမပေါ်ပေါက်ရန်အတွက် ပညာပေးအစီစဉ်တရပ်ဖြစ်တယ်။ ABSDF ရဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွင်း အသက် သွေးချွေးပေါင်းများစွာနဲ့ တိုက်ပွဲဝင်လာခဲ့ တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကို ငါတို့အသက်ခန္ဓ္ဒ‘ာတည်မြဲနေသ၍ ဘယ်တော့မှ မမေ့ဘူးဆိုတာ အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ ကျင်းပတဲ့ပွဲဖြစ်သလို နောက်တခုက ဆစ်ဒနီမှာရှိတဲ့ ရဲဘော်ဟောင်းတွေသာမက ကျွန်တော်တို့ မိသားစုတွေဟာ မွေးနေ့ပွဲ ပါတီပွဲတွေမှာ ခဏခဏ တွေ့ခဲ့ကြပေမဲ့ ဒီလိုမျိုး တနေရာ တချိန်တည်းမှာ တွေ့ခဲ့တာမျိုး မဟုတ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး တွေ့ဆုံကြပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေးအတွက် ရည်ရွယ်ပါတယ်။


  ဒီနေ့ဟာ ၈၈ အရေးတော်ပုံကြီးကနေ ပုခုံးပြောင်းတာဝန်ပေးလိုက်လို့ ပေါ်ပေါက်လာတဲ့ ABSDF ဟာ ဦးတည်ချက် ၄ ရပ်ကိုချမှတ်ကာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့တဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ ကျောင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ထူထောင်ခဲ့တဲ့ ၂၄ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တာကို လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ဓါးဓါးချင်း လှံလှံချင်း ရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ် ချမှတ်ကာ စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့တဲ့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့တနေ့ဖြစ်သလို တိုင်းရင်းသားလူမျိုးစုတွေက သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံအရ ဗမာလူမျိုးတွေအပေါ် မြင်နေကြတဲ့ မဟာဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ အမြင်တွေကို လျှော့နည်းစေပြီး ဗမာလူမျိုးများနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြားမှာ နားလည်မှုတွေ စတင်ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ အာဏာရှင်တဖြစ်လဲ အရပ်သားအမည်ခံ အစိုးရဲ့ ပြောင်းလဲမှုတွေဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ယူတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေပဲဆိုတာ အားလုံးနားလည်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အသေချူပ်ကိုင်ထားတာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးတာ၊ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ အဓမ္မသိမ်းတာ၊ တရားစီရင်နေရးမှာ အထက်အမိန့်အတိုင်း စီရင်ဆုံးဖြတ်နေတာ၊ နိုင်ငံရေး အကျည်းသားတွေ ကျန်ရှိနေသေးတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ခြင်း မရှိသေးတာ စတဲ့အချက်တွေကို ကြည့်ရင် လက်ရှိပြောင်းလဲမှုတွေဟာ တကယ်မဟာဗျူဟာအရ ပြောင်းလဲမှု မဟုတ်ဘဲ အစိုးရတရပ်အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့အတွက် နည်းဗျူဟာအရ အပေါ်အယံ ပြုပြင်ပြောင်းလဲမှုများသာဖြစ်နေတာကို တွေ့ရပါတယ်။

ကျွန်တော်တို့အနေဖြင့် မဟာဗျူဟာ အဂ္ဂမဟာဗျူဟာအရ အပြောင်းအလဲတွေ ဖြစ်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ အတည်ပြုခြင်း၊ နိုင်ငံရေး စစ်ရေးနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးခြင်း၊ အမျိုးသားပြန်လည် သက်မြတ်ရေးအတွက် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံနွေးအဖြေရှာရေးနှင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အသိအမှတ်ပြုခြင်း အစရှိတဲ့ ပြောင်းလဲမှုတွေကို အကောင်အထည်မဖေါ်နိုင်သ၍ အစိုးရရဲ့ ဒီပြောင်းလဲမှုတွေဟာ အာဏာထိန်းချုပ် ပြောင်းလဲမှုတွေသာ ဖြစ်ကြောင်းကို သိထားရမှာ ဖြစ်တယ်။ အနှစ်သာရရှိပြီး တိုင်းပြည်ဆင်းရဲတွင်းမှ ကယ်တင်နိုင်မဲ့ ပြောင်းလဲမှု၊ ဒီမိုကရေစီ ရှင်သန်ပြီး ပြည်တွင်းစစ်မဲ့ နိုင်ငံမျိုး ဖြစ်တည်မယ့် ပြောင်းလဲမှုဆိုတာကို မတွေ့ရသေးဘူး။

 ယနေ့အချိန်မှာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက် ၄ ရပ်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ ပြည်သူတွေဟာ (၁) စစ်အာဏာရှင် စနစ်အောက်မှာ ဖိနှိပ်ခံနေရတုန်း၊ (၂) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို တားဆီးပိတ်ပင်ခံနေရတုန်း၊ (၃) ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ အိပ်မက်သဖွယ် ဖြစ်နေတုန်း၊ (၄) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ရှိပြီး တွေ့ဆုံဆွေးနွေး အဖြေမရှာနိုင်သေးသ၍ ဖက်ဒရယ်ပြည်ထောင်စုဆိုတာေ၀၀ါးနေဆဲပဲ ဖြစ်တယ်။ အခုချိန်မှာ ABSDF ဟာ အတွင်းသဏ္ဍန်အရ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်မြေပေါ်မှာ အခြေခံထားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်။ အခုဆို ကချင်မှာရှိတဲ့ ABSDF ရဲဘော်တွေက KIA နဲ့ လက်တွဲပြီး အရပ်ဝတ်လဲအာဏာရှင် အစိုးရကို တိုက်ပွဲဝင်နေကြတယ်။ ကျွန်တော်တို့တတွေဟာ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူတွေ မဟုတ်သော်လည်း တတ်နိုင်သည့်နေရာကနေ လက်ရှိအချိန်ပြည့် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအတွက် ကူညီနိုင်ပါတယ်။ ABSDF အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

ဒါကြောင့် ဒီမှာရှိတဲ့ ABSDF ရဲဘော်ဟောင်းတွေကို မေတ္တာရပ်ခံ တိုက်တွန်းချင်တာကတော့ ABSDF Australia Branch နဲ့ ဖြစ်စေ၊ ဗဟိုနဲ့ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141

Tuesday, September 11, 2012

၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည်နေ့အတွက် ဒေါက်တာမြင့်ချို ပြောခဲ့သော မိန့်ခွန်း





အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အများမြင်တွေ့နိုင်တဲ့ တနေရာမှာ သိမ်းထားပေးလိုက်ရင်တော့ အခမ်းအနားမတက်သူတွေလည်း အချိန်မရွေး ဖတ်လို့ရမယ်၊ မှတ်တမ်းလည်း အမြဲရှိနေမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ အချက်တွေကို ဘလော့ဂ်မှာ တင်ပေးဖို့ ယူလာခဲ့ပေမဲ့ အခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ကျွန်မ ဆက်တိုက်အလုပ်များခဲ့ပြီး စာပြန်ရိုက်မအားတာကြောင့် အခုမှ တင်ပေးရတဲ့အတွက် အားလုံးကို တောင်ပန်ပါတယ်။ ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည် အခမ်းအနားအကြောင်း သတင်းကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ အခုဒီိပို့စ်က အခမ်းအနားမှာ ဒေါက်တာမြင့်ချိုပြောခဲ့တာကို သီးသန့်တင်ပေးထားတာ ဖြစ်တယ်။

အားလုံးမင်္ဂလာပါ။
အခုလို သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ (၂၄) နှစ်မြှောက် အထိမ်းအမှတ် အခမ်းအနားမှာ၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ (၈) လေးလုံးနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ပြောကြားခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ အထူးဂုဏ်ယူမိပါတယ်။ အခုလို စကားပြောဖို့ ဖိတ်ကြားခဲ့တဲ့ ABSDF, Australia branch ကိုလည်း ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ (၂၄) နှစ်တုန်းက မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားတွေ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူတရပ်လုံး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကျနော်တို့လည်း ဖားအံမြို့မှာ လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက စစ်တပ်ကိုသုံးပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့လို့ အာဇာနည် (၃၀၀၀) ကျော် အသက်ပေးကြွေလွင့်ခဲ့ရပါတယ်။ ဒါအပြင် ရာပေါင်းများစွာကို ဖမ်းဆီးထောင်ချပစ်ပြီး တသောင်းကျော်ကိုလည်း နယ်စပ်ဒေသတွေကို မောင်းထုတ်ခဲ့ကြတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားသူ တသောင်းကျော်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်တာမရခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အဖွဲ့တွေနဲ့ မိတ်ဆွေဖွဲ့၊ နိုင်ငံတကာကို ထိုးဖေါက်စည်းရုံး၊ ပြည်တွင်းလူထုကို နိုင်ငံရေး စည်းရုံးမှုတွေလုပ်၊ ဒီလိုနဲ့ ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းလှုပ်ရှားလာခဲ့ကြတယ်။ အသက်တွေလည်း ပေးခဲ့ရတယ်။ တကယ်တော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်သလို ရှစ်လေးလုံး အရေးတော်ပုံကြီးကလဲ (၁၉၆၂) ခုနှစ်၊ (၁၉၇၄) ခုနှစ်၊ (၁၉၇၆) ခုနှစ် ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။

ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ပေမဲ့ အင်မတန် တန်ဖိုးကြီးတဲ့ သင်ခန်းစာတွေပေးခဲ့သလို သမိုင်းအမွေအနစ်တွေကိုလည်း ပေးခဲ့ပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာ ရသလဲဆိုတာကို ကျနော်ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အရေးတော်ပုံကာလမှာ ကျောင်းသားနဲ့ ရဟန်းရှင်လူ ညီညွတ်မှုကြောင့် အာဏာရှင် လက်ပါးစေ အစိုးရ (၃) ဆက်ပြုတ်ကျခဲ့ပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြား ညီညွတ်ခိုင်မာတဲ့ နိုင်ငံရေး ဦးဆောင်မှု မရှိခဲ့လို့ မဟာဗျူဟာ ရေရှည်လုပ်ငန်းတွေ မချမှတ်နိုင်ခဲ့လို့ စစ်တပ်ကို ကြားမချနိုင်ခဲ့လို့ အောင်ပွဲနဲ့လွဲခဲ့ရတယ်။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင်အပါအ၀င် ဒီမိုကရေစီ ခေါင်းဆောင်တွေကို အနာဂတ် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် မွေးထုတ်ပေးခဲ့တယ်။ ပြည်သူလူထုကြီးတရပ်လုံးကိုလည်း ဒီမိုကရေစီလိုချင်လာအောင် ကိုယ်တိုင်လည်း ပါဝင်ထောက်ခံ လှုပ်ရှားချင်လာတဲ့ စိတ်ဓာတ်ကို မွေးစေခဲ့တယ်။ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း တကမ္ဘာလုံး သိလာအောင် လှုံ့ဆော်ပေးခဲ့တယ်။

ဒါတွေအပြင် မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ABSDF ကိုလည်း နယ်စပ်ဒေသမှာ ပေါက်ဖွားစေခဲ့ပါတယ်။ တချိန်က တသီးတခြားစီ ရှိနေခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လူမျိုးစု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှု နှစ်ခုကို ပေါင်းစပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းပေးမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်း ပေါ်ပေါက်စေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အကြိမ်ကြိမ် ထောင်ကျခဲ့ပေမဲ့ လူထုထောက်ခံမှုနဲ့ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသော်လည်း တိုင်းပြည်အုပ်ချုပ်ခွင့်မရဘဲ ချေမှုန်းဖြိုခွင်းခံခဲ့ရပေမဲ့ ကနေ့အထိ သတ္တိရှိရှိ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်နေတာဟာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး စိတ်ဓာတ်ကြောင့်ပါပဲ။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းလက်ဆက်ကမ်းအမွေတွေကို အောက်မေ့ကျေနပ်နေဖို့ထက် ရှစ်လေးလုံးစိတ်ဓာတ် အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ကျနော်တို့တတွေ ရောက်ရာအရပ် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနေကြဖို့လိုပါတယ်။ မိတ်ဆွေတချို့ကတော့ နိုင်ငံခြားမှာ နေပြီး ဒီမိုကရေစီရေးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ပြောကြဆိုကြတာတွေ ကနေ့အထိ ကျနော်ကြားနေရပါတယ်။ ဒါလည်း မဆန်းပါဘူး။ မြန်မာစကားပုံတခု ရှိပါတယ် "လိုရင်ကြံဆ နည်းလမ်းရ" ကျနော်တို့ တကယ်လုပ်ပေးချင်တယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် လုပ်နိုင်တဲ့နည်းလမ်းတွေကို တွေးတောကြံစည် အကောင်အထည်ဖေါ်ရပါမယ်။ တိုင်ပင်ဆွေးနွေးရပါမယ်။ ကျနော်တို့အားလုံး ပြိုင်တူတွန်းလျှင် အရွေ့ တခုကို ဖြစ်စေနိုင်ပါတယ်။ အားလုံးကြားသိနေရတဲ့အတိုင်း (၂၄) နှစ်ကျော်ကာလမှာ ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပလှုပ်ရှားမှုတွေ တွန်းအားတွေ၊ ဖိအားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကိနေ စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြောင်းခဲ့ရတယ်။ ဒါဟာ အရွေ့ တခုပါပဲ။ ဒီအရွေ့ကို ကျေနပ်နေလို့မရပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘက်ကို ဆက်ရွှေ့အောင် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။

ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပေါအ၀င် တရားဥပဒေ စိုးမိုးရေးရှိအောင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရှိအောင် စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လာအောင် အဓိကကြိုးပမ်းသွားမယ်။ ဒီအတွက် ပြည်တွင်းပြည်ပက အင်အားစုတွေ အားလုံး ထောက်ခံကူညီကြပါလို့ အတိအလင်း ထုတ်ဖေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ အားလုံးအတွက် ခိုင်မာတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုမျိုး ရှိနေပြီး မဟာဗျူဟာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီ။. လုပ်ချင်တဲ့စိတ်မွေးပြီး လုပ်သင့်တဲ့လုပ်ငန်း၊ သင့်တော်တဲ့ လုပ်နနည်းလုပ်ဟန်တွေကို ကြံဆပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ပဲ လိုပါတယ်။ အဓိကက ကျနော်တို့ သြစကြေးလျားမှာ လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေ၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍကို ထောက်ခံအားပေး ကူညီတာမျိုးပဲ ဖြစ်ရပါမယ်။

နိုင်ငံရေးပညာပေးမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေးတွေလို ဆောင်ရွက်ပေးနေကြတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီဖို့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လုပ်ဆောင်မှုတွေကို မျက်ခြေမပြတ်လေ့လာပြီး သူတို့ကို ဘက်ပေါင်းစုံက ထောက်ခံကူညီလာအောင် သြစကြေးလျား အစိုးရ၊ ပါလီမန်၊ အလုပ်သမားသမဂ္ဂ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေကို စည်းရုံးလှုပ်ဆော်ကြဖို့လိုပါတယ်။ ကျနော်တို့ Burma office ကလည်း ဒီအတွက် ကြိုးပမ်းသွားမယ်။ တချိန်တည်းမှာပဲ ကျနော်တို့ကိုယ်တိုင်လည်း နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး လူမှုအထောက်အကူပြုရေးဘက်မှာ ကိုယ်စိတ်အားထက်သန်ရာ ကဏ္ဍကနေ ပါဝင်ကူညီကြဖို့လိုပါတယ်။ ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေတွေကိုလည်း ပြောပြတိုက်တွန်းဖို့လိုပါတယ်။

အရေးကြီးတဲ့ နောက်တခုကတော့ ကျနော်တို့ လှုပ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်နေတာ ရပ်ဆိုင်းအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ ရပ်ဆိုင်းအောင်၊ လက်ရှိမတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းလာအောင်၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်မဆုံး ဖေါ်ဆောင်အောင်၊ စစ်တပ်ကြီးစိုးရေး အခြေခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်အောင် တွန်းအားပေးတာမျိုး ဖြစ်ရပါမယ်။ အရွေ့တွေကို အသိအမှတ်ပြုနေ ကျေနပ်နေရုံနဲ့ မရပါဘူး။ ဆက်တွန်းကြဖို့လိုပါတယ်။ သြစကြေးလျား အစိုးရနဲ့ ပါလီမန်၊ အလုပ်သမားသမဂ္ဂတွေကိုလည်း ဦးသိန်းစိန်အစိုးရကို ဒါတွေ လုပ်ဆောင်လာအောင် ဖိအားပေးဖို့ တောင်းဆိုရမယ်။

နောက်အရေးကြီးတာတခုကတော့ လက်ရှိအာဏာရှင်လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့တပ်မတော် ဖြစ်လာအောင် ကြိုစားပြီး စည်းရုံးကြဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ါ်ဓာတ်၊ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံး လိုလားတောင်းတတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အထိ ဆထက်တပိုး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာမြင့်ချို


ရွှင်လန်းချမ်းမြေ့ကြပါစေ။

Friday, September 7, 2012

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍

မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်

၁။ ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျေုာင်းသားတပ်မတော်) မြန်မာပြည် မြောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။

၂၊ ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်နှင့် အညီ မိမိတို့အဖွဲ့အစည်းအတွင်း၊ ဘယ်တုန်းကမှ မမေ့နိုင်ခဲ့သလို ဓမ္မဓိဋ္ဌာန်ကျသည့် သမိုင်းမှတ်တမ်းတခု ဖော်ထုတ် နိုင်ရေးအတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပါသည်၊

၃။ ထို့ကြောင့် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက်အမှတ် (၂) အရ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအလုပ်အဖွဲ့အား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အောက်ပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီးဖြစ်ပါသည်။

(က) သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့်အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်သွားနိုင်ရေး၊

(ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊

(ဂ) သက်ဆိုင်သူများအားလုံး နားလည်ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှု ရရှိစေရေး၊

(ဃ) မကဒတ၊ ကျောင်းသားထု နှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း တည်ဆောက်သွားနိုင်ရေး၊

(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်း လာစေရေး - တို့ဖြစ်သည်။

၎။ သို့ဖြစ်ပါ၍ ယနေ့ကာလတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်း ဖြေရှင်းသွားရန် လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်သည်။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။



--
ABSDF-HQ
e-mail: absdfhq@csloxinfo.com
website: www.absdf8888.org

Wednesday, August 8, 2012

24th Anniversary of 8888, Sydney






၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF  သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 5/08/12 နေ့၌ ကျင်းပခဲ့ရာ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊  မြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ၊ ဆစ်ဒနီဒေသခံများ စုစုပေါင်း အင်အား၂၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။  ထိုအခမ်းအနားတွင်  အခမ်းအနားမှူးအဖြစ် ABSDF နယူးဆောက်ဝေး ဌာနခွဲ အတွင်းရေးမှူးများအဖွဲ့ဝင် တဦးဖြစ်သူ ကိုဝင်းဇော်ဦးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  ညနေ ၃နာရီမှ  ၇ နာရီအထိ ကျင်းပခဲ့ပါသည်။

အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးသည်နှင့် အလေးပြုခြင်းသုံးရပ်ဖြစ်သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအလေးပြုခြင်း၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်းကျဆုံးသွားသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့်တမိနစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ပြီးနောက် ရှစ်လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းတင် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့ သော အဖွင့်အမှာစကားအား ဗွီဒီယိုဖြင့် ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည့်မှ ဆစ်ဒနီမြန်မာ ကွန်မြူနီတီမှ ဒေါက်တာကျော်မြင့်၊ ၉၀ ခုနှစ်မှ ရွေးကောက်ခံခဲ့ရသည့် NLD အမတ်တဦးဖြစ်သူ ဦးမောင်မောင်အေး၊ Burma office မှ ဒေါက်တာမြင့်ချိုနှင့် နယူးဆောက်ဝေး ပါလီမန်မှ လွှတ်တော်အမတ်များဖြစ်ကြသော  Jamie Parker နှင့် John Kaye တို့မှ အသီးသီး မိန့်ခွန်းပြောကြားခြင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း ဒေါင်းတမန်အပါအ၀င် တေးဂီတများဖြင့် သီဆိုဖြေဖျော်ခြင်း၊ ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်း စသည့်အစီစဉ်များကို ပြုလုပ်၍ ညနေ ၇ နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။ 

ABSDF မှ ပေးပို့သော သ၀ဏ်လွှာကို ကိုနိုင်အောင်က ဖတ်ကြားပြီးနောက် တဆက်တည်းမှာ  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ဖိတ်ကြားထားသော ဧည့်သည်များမှ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ဒေါက်တာကျော်မြင့်က မြန်မာဒီမိုကရေစီအရေးအတွက် ရှစ်လေးလုံးကာလအတွင်းတွင် အသက်ပေးဘ၀ပေးတိုက်ပွဲဝင်ခဲ့သော သူရဲကောင်းအပေါင်းအား အလေးပြုကြောင်းနှင့် မပြီးပြတ်သေးသည့် တိုက်ပွဲအတွက် ကျန်သောသူများမှ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တိုက်ပွဲဝင်နေသူအားလုံးကိုလည်း အလေးပြုကြောင်း ပြောကြားခဲ့ပါသည်။ 

ဦးမောင်မောင်အေးက ပြောကြားရာတွင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာပုံနှင့်  မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်အခန်းကဏ္ဍများ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲအပေါ် ၎င်း၏သဘောထားနှင့် ဆက်လက်လုပ်ဆောက်သင့်သည့် အကြံပြုချက်များဟူ၍  ကဏ္ဍသုံးခုခွဲ၍ ပြေကြားသွားခဲ့ပါသည်။

ဒေါက်တာမြင့်ချိုမှ  ရှစ်လေးလုံး ကာလနှင့် ရှစ်လေးလုံးနောက်ပိုင်း  မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု၏ အရေးပါသော အခန်းကဏ္ဍကို ၎င်းဖြတ်သန်းခဲ့သော အတွေ့အကြုံများဖြင့် ယှဉ်တွဲ၍ ပြောကြားသွားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ရှစ်လေးလုံးနောက်ပိုင်း ပေါ်ပေါက်လာသည့် ABSDF ၏ ဗမာနှင့်တခြား တိုင်းရင်းသားများအကြား ရေရှည်ဖြစ်ပေါ်နေသည့် ပြဿနာများကို ပြေလည်စေရန် ၀င်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပုံနှင့် ယနေ့  အခမ်းအနားသည် မျိုးဆက်သစ် လူငယ်များလည်း တက်ရောက်သဖြင့် ၈ လေးလုံး စိတ်ဓာတ် အမြဲတမ်းရှင်သန်နေရန် လိုအပ်ကြောင်းနှင့် နောင်အနာဂတ်တွင် သမိုင်းဆိုး အမွေအနှစ်များ မပေါ်ပေါက်စေရန်ပညာပေး မြှင့်တင် သွားရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသွားပါသည်။

 New South Wales ပြည်နယ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသော Green Party မှ John Kaye က မြန်မာ့နိုင်ငံရေးကို သုံးသပ်ရာတွင် မြန်မာပြည်၏ လက်ရှိပြောင်းလဲမှုများသည်မလုံလောက်သေးကြောင်း တိုးတက်သော ဒီမိုကရက်တစ်နိုင်ငံတော် တရပ်ဖြစ်ရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသေးကြောင်းင့် မိမိအနေနှင့် မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောကြားသည့်အခါတိုင်း ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကာလ အတွင်း မြန်မာနိုင်ငံရှိ လမ်းမများပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလုပ်ခဲ့ပြီး အာဏာလွှဲအပ်ခြင်းမခံရသည့် အဖြစ်အပျက်များကို အမြဲတမ်း ထည့်ပြောလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲနေသည်ဟု ပြောနေစေကာမူ မိမိအနေနှင့် မည်သူမဆို  မိမိ၏ နိုင်ငံရေးခံယူချက်ကို လွတ်လပ်စွာ စိုးရိမ်ကြောက်ရွံမှုကင်းစွာနှင့် ရဲရဲဝံ့ဝံ့ မပြောနိုင်သေးသ၍ ဒီမိုကရေစီ အရေးအောင်မြင်မှု ရှိနေပြီဟု မယူဆကြောင်း၊ သို့သော်လည်း တနေ့တွင် အောင်ကိုအောင်မြင်ရမည်ဟု လုံးဝယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

Jamie Parker မှလည်း  ၎င်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာ့နိုင်ငံရေးကို လေ့လာသိရှိခဲ့သူဖြစ်ကြောင်း ယခင်ကတည်းကပင် ABSDF  နှင့်ထိစပ်မှုရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်ခန့် က မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့ပြီး ဦးဝင်းတင်၊ ကိုမင်းကိုနိုင် ကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံစကားပြောခဲ့ကြောင်း၊ မြန်မာ့လွှတ်တော်မှာ ဒီမိုကရေစီကို ကိုယ်စားပြုသည့် ထိုင်ခုံ (seat) က အလွန်ပင်နည်းပါးနေသေးကြောင်းနှင့် မြန်မာ့ နိုင်ငံရေးသည် အပေါ်ရံအားဖြင့် ပြောင်းလဲသည်ဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် လွန်ခဲသည့် အနှစ်နှစ်ဆယ်ခန့် မှ အခြေအနေများနှင့် မကွာခြားသေးကြောင်း ပြောကြားပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ပြသွားခဲ့ပါသည်။

 

အခမ်းအနားတွင် ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်းအပြင် မြန်မာအစားအစာများ ချက်ပြုတ်ရောင်းခြခြင်းလည်း ပါဝင်ပြီး ရရှိသည့် ရန်ပုံငွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှ မွေးဖွားပေါ်ပေါက်ပြီးနယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141
ဝင်းဇော်ဦး     (News and Information Dept.)  614 49 880 400

Wednesday, August 1, 2012

ရေညှိမတက်တဲ့ လမ်းမ

ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း၅၀ စွန်းခဲ့ပကော။

ဟုတ်လို့လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက်ရှာဖွေ။

မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖြန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေးနီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန်တေး ဆိုကြလိမ့်မယ်။

ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။

အေး ...ဟုတ်တယ်
ဓားဓားချင်း လှံလှံချင်းပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။

မောင်လွမ်းဏီ၃၁-၇-၂၀၁၂

 

Tuesday, June 26, 2012

Nyo Htet (Lann Thit Oo) - Articles

Nyo Htet (Lann Thit Oo) - Articles
ဂျင်းဘောင်းဘီ အပြာ
ညိုထက် (လမ်းသစ်ဦး)
ဇွန် ၂၅၊ ၂၀၁၂

(၁)
ကျနော့်ကို ဗမာမိဘများမှ ဗမာပြည်မှာ မွေးသည်။ ကျနော်သည် ဗမာပြည်သားဖြစ်သည်။ ကျနော့်အသက် ၄၀ ထဲ ရောက်လာပြီ ဖြစ်သော် လည်း ယခုထိတိုင် ပုဆိုးကောင်းကောင်း မ၀တ်တက်။

(၂)
ရှစ်လေးလုံးအရေးတော်ပုံကို ရှစ်တန်းကျောင်းသားဘ၀နှင့် ကြုံတွေ့ခဲ့ရသည်။ တွက်ကြည့်တော့ ကျနော့်အသက် ၁၄ နှစ်။ ဆယ်ကျော် သက်အရွယ်ဖြစ်ပေမယ့် နိုင်ငံရေးဆိုသည်က ကျနော့် အသွေး အသားထဲသို့ ဒုတ်ဒုတ်ထိ တိုးဝင်သွားသည်။ သမဂ္ဂစိတ်ဓာတ်က တဖြန်းဖြန်း။ တိုက်ပွဲလမ်းကို တိုးဝင်ခဲ့သည်။ ဤသို့ဖြင့် အချိန်သိပ်မကြာ။ မိမိကိုယ်ကိုပြန်ကြည့်သော အခါ မဲနယ်တောင်တန်းပေါ်က သူပုန်ကျောင်းသား။

ကျနော်ဟာ ကလေးစစ်သားများလား။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ဆန်နီပြောသည့်စကားကို သတိရမိသည်။ “ပုံမှန်မဟုတ်တဲ့အခြေအ နေမိုလို့ တော်လှန်ရေးဆိုတာပေါ်လာတာ။ ဘယ်သူကမှ ကလေးစစ်သားမစုဆောင်ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံမှာ ကလေးတွေလည်း “မဆလ” ကို အလိုမရှိခဲ့တာပဲ။” ဖြစ်ပုံက ဘောင်းဘီတိုလေးနှင့် ကျောင်းသွားနေတုန်း “မဆလ” က ကျနော့်ကို တောထဲမောင်းပို့ခဲ့သည်ဟု မှတ်တမ်းတင်ရမည်ဖြစ်သည်။ ပုဆိုးအစမ်းဝတ်စမှာပင် တောခိုခဲ့ရသော သူပုန်ကျောင်းသား ကျနော်သည် တောထဲရောက်သည့်အခါ “ကျောင်းသားတပ်မတော်” ရဲ့ စစ်ယူနီဖောင်းကိုဝတ်ရသည်။ ခုံခုံမင်မင်။ မြတ်မြတ်နိုးနိုး။ သေနတ် - အီကွေ့မန့် - ခြုံစောင် - မိုးကာ - ကျော ပိုးအိပ်စာကြည့်တိုက်။ ကျနော့်တွင် ၀တ်စရာ ပုဆိုးမရှိ။ ထိုသို့ဖြစ့် ဆယ်စုနှစ် တခုထိတိုင်။

ပြီးနောက် …။ တိုက်ခိုက်ရေးရဲဘော်တာဝန်မှသည် ဗဟိုရုံးတာဝန်များကို ရွှေ့ပြောင်းထမ်းဆောင်ရသည်။ ပြန်ကြားရေး - စည်းရုံးရေး - သု တေသန။ ပုဆိုးအစမ်းဝတ်ခါစမှာ တောခိုလာပြီး တိုက်ခိုက်ရေးရဲဘော်အဖြစ် တောထဲတွင် နှစ်အတော်ကြာ နေထိုင်လာခဲ့သည့် ကျနော့် အနေဖြင့် ဗဟိုရုံးတာဝန်များကို ထမ်းဆောင်သည့်အချိန်တွင်လည်း ပုဆိုးမ၀တ်ဖြစ်။ ပုဆိုးမ၀တ်တက်တော့။ စစ်ယူနီဖောင်း ဘောင်ဘီမှသည် အရပ်ဝတ်ဘောင်းဘီသို့ ပြောင်းလဲဝတ်ဆင်ခဲ့သည်။ အရပ်ဝတ်ဘောင်းဘီကိုဝတ်ရသည့်အခါ ကျနော်အကြိုက်ဆုံးနှင့် ယနေ့ထိတိုင် ခုံခုံမင် မင် စွဲစွဲမြဲမြဲဝတ်သည့်ဘောင်းဘီက “ဂျင်း” ဘောင်းဘီ။ “ဂျင်း” ဘောင်းဘီကိုကျနော့်အကြိုက်ဆုံး။ အဲဒီ “ဂျင်း” ဘောင်းဘီမှာမှ အကြိုက် ဆုံးအရောင်က “အပြာ”။

(၃)
“ဂျင်း” ဘောင်းဘီဆို၍ သတိရစရာတခု ရှိသည်။ သုံ့ပန်း တပ်မတော်သားလေးတဦးနှင့် ကျနော်တို့ ကျောင်းသားရဲဘော်များကြားမှ “ဂျင်း” ဘောင်းဘီအကြောင်း။

ကျနော် “ကျောင်းသားတပ်မတော်” မှာ ရဲဘော်အဖြစ်တာဝန်ယူစဉ် ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ရပြီး သမိုင်းကြောင်းနှင့် စပ်ဆက်နေသည့် စခန်းနေရာ ၂ နေရာရှိသည်။ ၁၉၉၁ ခုနှစ်များလောက်ဆီက ဖာပွန်မြို့နယ် သံလွင်မြစ်တနေရာရှိ “ဒါးဂွင်” ဆိုသည့်နေရာကို ကျနော် တို့ကျောင်းသားများက ဗဟိုဌာနချုပ်တည်ထောင်ပြီးနေခဲ့သည်။ ထိုနေရာကိုလည်း “ဒါးဂွင်” မှသည် “ဒေါင်းဂွင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ဒေါင်းဂွင်” ဌာနချုပ်တွင် ကျနော့်ရဲ့မိခင်တပ်ရင်းဖြစ်သည့် အမှတ် ၆၀၁ တပ်ရင်းအတွက် တပ်တည်နေရာပေးထားသည့် နေရာရှိသည်။ ထိုပေးထားသည့် တပ်တည်နေရာသည် ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တွင်စစ်ပညာသင်ပြီး ယိုးဒယားတွင် တပ်မတော်ဖွဲ့ကာ ဗမာပြည်ကို ၀င်ခဲ့စဉ်က စခန်းချခဲ့သည့်တောင်ကုန်းဖြစ်သည်။

နောက်တနေရာက “လေးဝါး” စခန်း။ ရဲဘော်သုံးကျိပ်ကိုစုဆောင်းစဉ်က ဗကသများအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကော်မတီများလည်း ပါဝင်ခဲ့သည်။ ထိုအလုပ်အမှုဆောင်ကော်မတီဝင်များထဲတွင် ထိုအချိန်က (ဗကသ) များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သည့် “ဗိုလ်ရန်နိုင်” လည်း အပါအ၀င်ဖြစ်သည်။ ကျနော့်မိခင်တပ်ရင်း တပ်တည်နေရာသည် ဗိုလ်ချုပ်အောင်ဆန်း စခန်းတည်ခဲ့သည့်နေရာဖြစ်သလို “လေးဝါး စခန်း” သည်လည်း ထိုအချိန်က ရဲဘော်သုံးကျိပ်ဝင် (ဗကသ) များအဖွဲ့ချုပ် အတွင်းရေးမှူး ဗိုလ်ရန်နိုင် စခန်းတည်၍ ဖက်ဆစ်ဂျပန်များကို တိုက်ခဲ့သည့် နေရာဖြစ်သည်။

ထို “လေးဝါးစခန်း” ကို စတင်ဖွဲ့တည်ခဲ့သည့်သူက ယခု “ကျောင်းသားတပ်မတော်” တွင် “ဗဟိုစစ်ကော်မရှင်” အတွင်းရေးမှူး တာဝန်ယူ ထားသည့် “ဗိုလ်ခင်ကျော်” ဖြစ်သည်။ ဗိုလ်ခင်ကျော်သည် လေးဝါးစခန်းကို အလကားရခဲ့သည်မဟုတ်။ တိုက်ပွဲများဖြင့် လေးဝါးစခန်းကို ရယူခဲ့ရခြင်းဖြစ်သည်။ လေးဝါးစခန်းတွင် ကျောင်းသားတွေ တပ်စခန်းမချနိုင်ရေးအတွက် ရန်သူစစ်အုပ်စုမှ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြ သည်။ ထိုထိုးစစ်များကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လေးဝါးစခန်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လေးဝါးစခန်းကို တည်ထောင်ခါစ။ တိုက်ပွဲများပြင်းထန်နေစဉ် တခုသောတိုက်ပွဲတွင် တပ်မတော်သားတဦးကို လက်ရဖမ်းဆီးရမိသည်။ သူတို့ဘက်က ထိုးစစ်ဆင်၍ တိုက်ပွဲများဖြင့် အခြေအနေရှုပ်ထွေးနေသော်လည်း လက်ရဖမ်းမိသည့် သုံ့ပန်းတပ်မတော်သားရဲဘော်ကို မ သတ်။ အစောင့်အရှောက်များဖြင့် ထားသည်။ ကျနော်တို့ ကျောင်းသားတပ်မတော်တွင် လက်ရဖမ်းမိသည့် သုံ့ပန်းတပ်မတော်သားများကို သတ်ရန် ပေါ်လစီမရှိသော်လည်း အဆင့်ဆင့်သော တပ်မတော်သားများကြား မှားယွင်းသည့် ၀ါဒဖြန့်မှုများကြောင့် သုံ့ပန်းတပ်မတော်သား လေးက ကြောက်နေသည်။ သူ့ကို သတ်လိမ့်မည်ဟုပင်ထင်နေသည်။ အစောင့်ရဲဘော်များမှ ထိုသုံ့ပန်းတပ်မတော်သားလေးကို သတ် မည်မဟုတ်ကြောင်း မည်သို့ပင်ပြောသော်လည်း သူက သတ်လိမ့်မည်ဟုပင် ထင်နေသည်။ သုံ့ပန်းတပ်မတော်သားလေးက တငိုငိုတရီရီ။ ထိုအခြေအနေကို အစောင့်ရဲဘော်များမှ တပ်မှူးဖြစ်သည့် ဗိုလ်ခင်ကျော်ကို တင်ပြကြသည်။

ဗိုလ်ခင်ကျော်က သုံ့ပန်းတပ်မတော်သားလေးကို ထိန်းသိမ်းထားရာသို့ သွားရောက်စစ်ဆေးရတော့သည်။ ဖြစ်ပုံက ဗိုလ်ခင်ကျော်က တိုက် ပွဲတခုတွင် ဒဏ်ရာရ၍ မျက်လုံးတဖတ်ထုတ်ထားရသည့်လူ။ ဗမာစစ်စစ်။ အသားမဲမဲ ထောင်ထောင် မောင်းမောင်း။ သုံ့ပန်းတပ်မတော် သားလေးက ဗိုလ်ခင်ကျော်ကိုတွေ့သည်နှင့် ငိုလေတော့၏။ သုံ့ပန်းတပ်မတော်သားလေးကို အားပေးနှစ်သိမ့်ရန်သွားသည့် ဗိုလ်ခင်ကျော် ခမျာ ဘာလုပ်ရမည်မသိ။ ထိုသို့ဖြစ်နေစဉ် သုံ့ပန်းလေး၏ အပြောစကားကြောင့် ကျနော်တို့ရဲဘော်များအားလုံးငြိမ်မိလျက်သား။

“ကျနော့်ကိုသတ်မယ်ဆိုလည်း သတ်ပါဗျာ။ မသတ်ခင်မှာတခုတော့ တောင်းဆိုချင်ပါတယ်။ ကျနော့်ဘ၀မှာ တခါမှ “ဂျင်း” ဘောင်း ဘီမ ၀တ်ဖူးလို့ သတ်မယ်ဆိုလည်း “ဂျင်း” ဘောင်းဘီလေးတော့ ၀တ်ပါရစေ။”

(၄)
ယခုအချိန်မှာ ထိုသုံ့ပန်းလေးက ICRC အစီအစဉ်ဖြင့် ဥရောပတနေရာမှာ အခြေချနေထိုင်နေပြီဖြစ်သည်။ သူဝတ်ချင်နေသည့် “ဂျင်း” ဘောင်းဘီများကို ၀တ်၍ ပျော်ရွှင်နေပေလိမ့်မည်။

မကြာသေးသောကာလက သမ္မတကြီး ဦးသိန်းစိန်မှ သူ့၏မိန့်ခွန်းတခုတွင် တောတွင်းရဲဘော်များကို သေနတ်များအစား လက်ပ်တော့များ ကိုင်စေချင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။ ကောင်း၏။ ကျနော်ကတော့ ကျနော့်အတွေ့အကြုံဖြင့် သမ္မတကြီးကို အကြံတခုပေး ချင်နေမိသည်။ သမ္မတကြီးအနေဖြင့် တောတွင်းရဲဘော်များအား သေနတ်များအစား လက်ပ်တော့များပေးလိုသည့်စေတနာကို ကြိုဆိုသော် လည်း အမှန်တကယ်အနေဖြင့် သမ္မတကြီးနှင့်အနီးဆုံး တပ်မတော်သား အယောက်စိတိုင်းကို “ဂျင်း” ဘောင်းဘီတထည်စိ ဝေငှပေးစေ ချင်သည်။ သမ္မတကြီးအနေဖြင့် တပ်မတော်သားများကို ပေးစေချင်သည့် “ဂျင်း” ဘောင်းဘီ၏ အရောင်က .... “အပြာ”

မူရင်း
- http://www.facebook.com/notes/nyo-htet/%E1%80%82%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%98%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%98%E1%80%AE-%E1%80%A1%E1%80%BB%E1%80%95%E1%80%AC/375857429135916


Regards

AN

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံ



ဇွန်လ (၁၉) ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတာ အားလုံးလိုလို သိကြပေမဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သိသူတွေ အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၂ နှစ်နှစ်မြောက် မွေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသမီးများ ပူးပေါင်းပြီး မြန်မာ အမျိုးမီးများနေ့အဖြစ် စတင် ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက NLD အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ပြည်ပတွေမှာ ဆက်လက်ကျင်းပလာခဲ့ပါတယ်။ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၁၆ ကြိမ်မြောက် ရှိပါပြီ။ ဒီနှစ်ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ Alternative Asean Network on Burma မှ ထုတ်ဝေတဲ့ ၅၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ "မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံ" စာအုပ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့သည့် အမှာစကားကို ကူးယူဖေါ်ပြပြီး ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။ အပေါ်ကပုံက ပထမကြိမ် အမျိုးသမီးများနေ့ကို ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပစဉ်က မြန်မာ့အမျိုးသမီး သမဂ္ဂမှ တက်ရောက်သည့် ကိုယ်စားလှယ် နှစ်ဦး ဖြစ်ပါတယ်။

<iframe width="420" height="315" src="http://www.youtube.com/embed/CLQZA-ZTVwI" frameborder="0" allowfullscreen></iframe>

 
၎ ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အတွက် ထုတ်ဝေတဲ့ စာအုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော အမှာစကား


အခု ကျမရဲ့မွေးနေ့ချိန်ခါမှာ ဒီလိုကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်အခါကို ကျမတို့အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့မြန်မာ အမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်စနစ်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတ်ေလွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လဲ ကျမတို့ဟာ ဒီလိုလွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ်ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကျမရဲ့ မွေးနေ့အချိန်ခါမှာ အမျိုးသမီးတွေကို ကျမအာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ အဲဒီ ဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။

မကြာခင်ကဆိုရင် သူ့ရဲ့သားအဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်နဲ့လဲ ကျမတွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီး နှစ်ယောက်ဟာ စိတ်ချင်းသဘောချင်း အတူတူပါပဲ။ မိမိတို့ ကလေးတွေ လုပ်နေတာမှန်တယ်၊ အများရဲ့ကောင်းကျိုးအတွက် လုပ်နေတဲ့ကိစ္စမို့လို့ ဘာဘဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိပါတယ်။ မိန်းကလေးရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင်မှာလိုက်တယ်၊ အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် အဖြစ်ပါစေနဲ့လို့ မှာလိုက်ပါတယ်။ ဆိုလိုတာကတော့ အမေ့ကိုငှဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို မလုပ်ပဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အဖိနှိပ်အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျှော့သွားပဲနဲ့။

ဒီနိုင်ငံမှာတင်မက ဒီကမ္ဘာကြီမှာ ငြိမ်းချမ်းမှုရဖို့၊ အေးချမ်းမှုရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှုမရှိဘူး၊ လုံခြုံမှုမရှိဘူး၊ စီးပွားရေးတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်မှုမရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့တွေ့မြင်ခဲ့ရလို့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။

နောက် ကျမတို့နိုင်အတွင်းမှာ ငြိမ်းချမ်းမှု ရှိဖို့၊ စည်းလုံးညီညွတ်မှု ရှိဖို့ဆိုတာလဲ အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံအတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစွာ နေကြပါတယ်။ ဒီတော့ ဒီလိုတိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီးလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးအချင်းချင်းဆိုရင် နားလည်မှုအများကြီး ရှိပါတယ်။ ကလေးများအတွက် ပူတာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက် ဖြစ်စေ၊ ချင်းမိခင်တယောက် ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓါတ်ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာအောင်လို့ ပြုစုပျိုးထောင်စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဖူးဆိုတဲ့ အသိကိုလဲ စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင်ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းကူညီကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည်


သက္ကရာဇ် ၂၀၀၀၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၅၅) နှစ်မြှောက်မွေးနေ့ နဲ့ (၄) ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ထုတ် မြန်မာ အမျိုးသမီးများအသံ စာအုပ်အတွက်  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ပေးပို့သည့် အမှာစကားဖြစ်ပါတယ်။


မိမိပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ခွာပြီး အမိမြန်မာပြည်အတွက် လာရာက် စွန့်လွှတ်အနစ်နာခံပြီး ခက်ထန်မာကျော ရက်စက်ကြမ်းကြုတ်သူတွေ စိုးမိုးတဲ့ အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်ဖြစ်လာအောင် ဦးဆောင်မှုပေးနေတဲ့ မြန်မာရော ကမ္ဘာပါလေးစားယုံကြည်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သက်တော် ရာကျော်ရှည်ပါစေ။ ပျော်ရွှင်စရာ မွေးနေ့အချိန်အခါဖြစ်ပါစေ။
အတိတ်က ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံ အတွေ့အကြုံ အားလုံးမှ လုံးဝကင်းစင် လွတ်မြောက်ပြီး ဒီနေ့ အသက် ၆၇ နှစ်မွေးနေ့မှသည် မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိတိုင်းပြည်အတွက် လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်ဝနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

(အမျိုးသမီးနေ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။)


၁၉၉၈ ခုနှစ်၊ ဂျီနီဗာရှိ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့နိုင်ငံ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်ခံရမှု တင်သွင်းသည့် အဖွဲ့



၁၉၉၉ခု၊ ဇွန်လ (၁၉) ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား ပြီးစဉ် အမျိုးသမီးများနှင့် ကလေးများ အမှတ်တရ၊ Christian Youth Centre, Bangkok

သက္ကရာဇ် ၂၀၀၀၊ အမျိုးသမီးများနေ့၊ အမျိုးသမီးများနေ့ ဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ဝင်များ အမှတ်တရ၊ မြန်မာကျောင်းသားများစခန်း၊ မနီလွိုင်ရွာ၊ ရတ်ခ်ျပူရီ၊


၂၀၁၀ ခု ဇွန်လ ၁၉ ရက်နေ့က တင်တဲ့ပို့စ်ကို နေ့စွဲပြန်ပြင်ပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကို  မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မဆူးပွင့်ရဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကို ပြောထားတဲ့ DVB အင်တာဗျူးနဲ့ ပေါင်းပြီး ပြန်တင်လိုက်ပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ

Friday, March 16, 2012

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

ထုတ်ပြန်ကြေညာချက် ( ၁/၂၀၁၂)



၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်း ချက်များကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

(က) သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။
(ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။
(ဂ) သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။
(ဃ) မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။
(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။
၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်ပြီး အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

(က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည်စွာရပ်တည် ဆောင်ရွက် သွားမည်။
(ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းသားထု အကြား ခိုင်မာမြဲမြံသော နားလည်မှုနှင့်စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။
(ဃ) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။
(င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်။
၃။ အထက်ပါ လုပ်ငန်းစဉ်များအား အချိန်မီအောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။


ဖြောင့်မတ်တည်ကြည်စွာဖြင့်
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့
မကဒတ (ကျောင်းသားတပ်မတော်)။
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။

ဆက်သွယ်ရန်။ ။ ရဲဘော်မြင့်ဟိန်း

Tel +66 810 229 208၊ Email: julianoo98@gmail.com

ရဲဘော်ကျော်ကျော်လင်း

Tel +66 862 140 161၊ Email: kyawlin7@gmail.com

Wednesday, March 14, 2012

Saturday, December 24, 2011

အရေးတော်ပုံများ ...လူများ၊ အဖြစ်အပျက်များ (၆)

မိုးမခ မီဒီယာ - MoeMaKa News & Media
အရေးတော်ပုံများ ...လူများ၊ အဖြစ်အပျက်များ (၆)
ကမာပုလဲ
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


ပါတီကို စစ်အုပ်စုက မတရားအသင်းအဖြစ် ကြေညာဖျက်သိမ်းလိုက်တယ်။ မြို့ကလေးက ရဲဘော် အချို့နဲ့ ပါတီတခုလုံးက ရဲဘော် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ပြီ။ ရဲဘော် အံ့ဇော်ကို ပြန်လွှတ်ပေးပြီးနောက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ သတင်းပေးတွေဟာ ပါတီဝင် ရဲဘော်တဦးချင်းစီကို အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေခဲ့တယ်။

တွဲဖက်ကျောင်းဆရာဘဝနဲ့ စာသင်လိုက်၊ ကိစ္စရှိရင် မြို့တက်လိုက်၊ ကျန်ရှိနေသေးတဲ့ ပါတီက ရဲဘော်တွေနဲ့ အဆက်အသွယ်လုပ်ဖို့ ကြိုးစားရင်း လွတ်မြောက်နယ်မြေက ကျောင်းသား တပ်မတော်ကို ရောက်ရှိသွားတဲ့ ရဲဘော်တွေ သတင်းကို စုံစမ်းနေခဲ့တယ်။ ဒီလိုနဲ့ ၁၄၊ ၈၊ ၁၉၉၁ ခုနှစ် ကျောင်းသားတပ်မတော် တတိယ အကြိမ် ညီလာခံမှာ မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် ကွဲခဲ့တယ်။ အကျိုးဆက်က ကျောင်းသား တပ်မတော် နှစ်ဖွဲ့ဖြစ်သွားခဲ့ရတာပါပဲ။ နှစ်ဖွဲ့ဖြစ်နေပေမယ့် အားလုံးဟာ ကျောင်းသားစိတ်ဓာတ်နဲ့ တရင်းတနှီးရှိနေကြဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း တဆင့်စကားနဲ့ ကြားသိနေခဲ့တယ်။ ၇၊ ၁၁၊ ၁၉၉၁ မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ လွတ်မြောက်နယ်မြေမှာ ပါတီအလံကို လွှင့်ထူခဲ့ပါတော့တယ်။

ရန်သူရဲ့ အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ နိုင်ငံရေးအရ လှုပ်ရှားရတာ၊ ဆက်သွယ် ဆက်ဆံရေးလုပ်ရတာတွေဟာ သိပ်ကို အကန့်အသတ်ကြီးနေခဲ့ပါတယ်။ အံ့ဇော်ဆိုရင် ဖမ်းဆီးထားရာက ပြန်လွှတ်ပေးပေမဲ့ မြို့ကလေးကနေ ဘယ်မှ မသွားရအမိန့်နဲ့ အကျယ်ချုပ်နေရတာ ဖြစ်တယ်။ အံဇော်ရော၊ အတွင်းရေးမှူး ကျော်တင့်ဦးရော၊ မိမိပါ ရွာခန့် ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာပဲ ကျိုက်လတ်က ရဲဘော်ကိုကိုနိုင် ဟာ အံ့ဇော်လို မြို့ရဲ့ အကျယ်ချုပ်ဘဝကနေ ညနေဘက် ရန်ကုန်ထွက်မယ့် ဧရာဝတီသင်္ဘောပေါ်တက်ပြီး ရန်ကုန်ကို ထွက်ခွာသွားခဲ့တယ်။ ရန်ကုန်မှတဆင့် ရဲဘော်တွေရှိရာ လွတ်မြောက်နယ်မြေကို တောခိုသွားပါတော့တယ်။ လွတ်မြောက် နယ်မြေရောက်လို့ သိပ်မကြာခင်မှာ အစာအိမ်ရောဂါနဲ့ ကျဆုံးသွားခဲ့တယ်။ သိပ်ကို ခင်ဖို့ကောင်းတဲ့ ရဲဘော်ကြီးပါ။ သူ့ကို လူချင်းတွေ့တဲ့အခါမျိုးမှာ လူလုံးကို သဲသဲကွဲကွဲ မမြင်ရခင် သူ့အပြုံးကို အရင်ဆုံး တွေ့ရတတ်သူပါ။

ဒီနေရာမှာ တင်ပြချင်တဲ့ တချက်က ပါတီက ရဲဘော်တွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ လွတ်မြောက်နယ်မြေကို ထွက်ခွာသွားတဲ့ကိစ္စပါ။ မြေပေါ်မှာ ပါတီနိုင်ငံရေးလုပ်မရလို့ လက်နက်ကိုင် တော်လှန်ရေးသွားလုပ်တာလားဆိုတဲ့ မေးခွန်းမျိုးတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဖြေဖို့လိုလို့ ဖြေရတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ အဲဒီအခါမှာ အဖြေက အတွေးအခေါ်ရှင်းမှ၊ ခိုင်မှ အဖြေကလည်း ရှင်းမယ်၊ ခိုင်မာမှာ ဖြစ်တယ်။ ဆိုတော့ အရေးတော်ပုံကြီးကနေ စရပါတယ်။

မှန်တဲ့အတိုင်း ဝန်ခံရရင် ၈၈၈၈ အရေးတော်ပုံကြီးမှာ ဝင်ရောက်လှုပ်ရှားခဲ့စဉ်က နိုင်ငံရေးနဲ့ပတ်သက်လို့ မိမိတဦးတည်းအနေနဲ့ အတွေးအခေါ် အခိုင်အမာ မရှိသေးပါ။ တတိုင်းပြည်လုံး လက္ခဏာဆောင်တဲ့ လူထု အုံကြွမှုကြီးမှာ အစမ်းသပ်ခံ ပညာရေးစနစ်ရဲ့ သားကောင်ကျောင်းသားဘဝတွေ၊ ဗျုရိုကရက် အရာရှိဆိုးတွေ ဖိနှိပ်ချယ်လှယ်နေတဲ့ မဆလခေတ် အလုပ်သမားများရဲ့ အဖိနှိပ်ခံဘဝကိုဖြတ်သန်းရင်း အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံရေးလုပ်တော့ နိုင်ငံရေးစာတွေ ဖတ်ရတယ်။ ဒီမိုကရေစီကို လေ့လာရတယ်။ ကမ္ဘာ၊ မြန်မာ နိုင်ငံရေးသမိုင်းတွေ လေ့လာခဲ့ကြတယ်။ ဒီတော့ သမိုင်းမှာဖျောက်ဖျက်ထားတဲ့ သမိုင်းအစစ်အမှန်တွေကို သိချင်၊ လေ့လာချင်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေ၊ လွတ်လပ်ရေးတိုက်ပွဲ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း တို့မှသည် ငုရင်ဗန်ထရွိုင်း၊ ချေ၊ ကြိုးစင်ပေါ်က ဂျူးလိယက်ဖူးချစ်၊ ကိုကို၊ သခင်မြသန်း၊ မြသန်းတင့်နှင့် ဒဂုန်တာရာ ....။ အဖြေက တိုရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ဖြေပြီးမှ၊ ကျေလည်ပြီးမှ ဖြစ်ရပါမယ်။ ‘လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်နေတဲ့ အတန်းအစား၊ နိုင်ငံရေး စနစ်တခုအောက်က အမှန်တကယ် လွတ်မြောက်ဖို့အတွက်ဆိုရင် လူ့သမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးဟာ မရှိမဖြစ် လိုအပ်တယ်’

ဒီအတွေးအခေါ်၊ ဒီယုံကြည်ချက်နဲ့ပဲ နောင်မှာ လက်နက်ကိုင် တော်လှန်ရေးရှိရာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။ မြေပေါ်က နိုင်ငံရေးပါတီ ဖျက်သိမ်းခံရပြီးတဲ့နောက်မှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းသွားခဲ့ပါတယ်။ ၁၅၊ ၁၂၊ ၁၉၉၁ မှာ ဆိုဗီယက် ရုရှရဲ့ သမ္မတ ဂေါ်ဘာချော်ဗ် သမ္မတ ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံအဖြစ် ပြိုကွဲသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီး ကြိမ်မီးအုံးသလို ဖြစ်ပွားနေတဲ့ ‘စစ်အေးတိုက်ပွဲ’ မှာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက အပြတ်အသတ်နိုင်ပြီး အဆုံးသတ်ခဲ့ပြီလို့ ပြောကြတယ်။

တဆက်တည်းမှာ နိုင်ငံရေး စကားဝိုင်းတွေထဲ ကြားရလာတတ်တဲ့ စကားလုံး အသစ်တွေ ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ လေးနဲ့မြား မလိုတော့ဘူး၊ လက်နက်ကိုင် တော်လှန်ရေးခေတ် ကုန်သွားပြီ၊ ဒို့ကတော့ ရီဗော်လူးရှင်းကို လက်ခံရာမှာ အီဗော်လူးရှင်းရဲ့ အခြေခံအောက်ကပဲ၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်တိုးတက်မှုကိုပဲ လက်ခံတယ် ... ။

ထိုအချိန်မှစလို့ ငြိမ်းချမ်းရေးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါတော့တယ်။ ဟိုနေရာလည်း ငြိမ်းချမ်းရေး၊ သည်နေရာလည်း ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးဟာ စကားလုံး အာဟာရအဖြစ်နဲ့ အမြည်းခံနေရအဖြစ်မျိုး ဖြစ်နေပါတယ်။

ဒီတော့ ငြိမ်းချမ်းရေးကို လေ့လာရပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးရော၊ မြန်မာ့ငြိမ်းချမ်းရေး သမိုင်းပါ လက်လှမ်းမီသမျှ လေ့လာဖြစ်ကြပါတယ်။ သမိုင်းမှာ ဖိနှိပ် အနိုင်ယူထားသူတွေက ပြောခဲ့တဲ့၊ ပြောနေတဲ့ အပေါ်စီး ငြိမ်းချမ်းရေးစကားနဲ့ အဖိနှိပ်ခံ လူထုကြီးရဲ့ ငြိမ်းချမ်းရေး စစ်စစ်စကား နှစ်မျိုးကို သိရှိလာခဲ့တယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် မရှိမဖြစ်တဲ့အရာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးအရလည်း ငြိမ်းချမ်းရေးဟာ ပန်းတိုင်ဖြစ်ရပါမယ်။ အဲဒီ ပန်းတိုင်ကို သွားရာလမ်းမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲများ ပေါင်းစပ်ရတာမျိုးဟာ နည်းပရိယာယ်အရဖြစ်တယ်ဆိုတာကို သိလာ၊ ခံစားလာခဲ့ရတယ်။ ဖိနှိပ်လွန်းတဲ့ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်မျိုးရဲ့ အောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးဟာ အဓိက တိုက်ပွဲပုံသဏ္ဌာန် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဆန္ဒစွဲ မဟုတ်ပါ။ လက်တွေ့ဘဝတွေအရ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့၊ ပြဆဲ ဖြစ်ပါတယ်။

အင်တာနေရှင်နယ် လက်နက်ကိုင်တော်လှန်ရေးသမား ချေ ကလည်း ကမ္ဘာ့ အဖိနှိပ်ခံပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို ချစ်တယ်၊ မြတ်နိုးတယ်၊ လိုချင်တယ်။ ပညာတတ် လက်နက်ကိုင် တော်လှန်ရေးသမား ကက်စထရိုနဲ့ ချီလီနိုင်ငံက နိုင်ငံတော် လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရတဲ့ ပြည်သူ့သမ္မတစစ်စစ် အာယာန်ဒေး ကလည်း ငြိမ်းချမ်းရေးကို ချစ်တယ်။ ငြိမ်းချမ်းရေးရဲ့ ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း ငြိမ်းချမ်းရေးစစ်စစ်ကို ကွယ်လွန်သည်အထိ မြင်တွေ့ မသွားရရှာခဲ့၊ ဆရာ ဒဂုန်တာရာသည် ငြိမ်းချမ်းရေးကို လိုချင် လှုပ်ရှားခဲ့သူ။ ရဲဘော်သုံးကျိပ်ဝင် ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ကျော်ဇောသည်လည်း ငြိမ်းချမ်းရေးအတွက် ယုံကြည်လှုပ်ရှားခဲ့သူ။ သူတို့နှစ်ဦးမှာ ယနေ့ သက်ရှိထင်ရှား ရှိနေကြဆဲ။ အသက် ၉၀ ကျော်ကုန်ကြပြီ။ ခုထိ ငြိမ်းချမ်းရေး၏ ရနံ့ အငွေ့အသက်ကိုပင် ခံစားနိုင်ခွင့်မရှိခဲ့၊ မရှိနိုင်သေး ... ။ ဖိနှိပ်သူ စစ်အာဏာရှင် စနစ်အောက်တွင် ငြိမ်းချမ်းရေး စစ်စစ်သည်ကား ပြည်သူလူထုအတွက် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေရသည်ကို ...။

၂၃၊ ၆၊ ၂၀၁၁ နေ့တွင် ဗိုလ်စောမောင် နဝတ ဥက္ကဋ္ဌ ရာထူးမှ ပြုတ်ပါတယ်။ ကျန်းမာရေး (ဦးနှောက် မမှန်ဟု သတင်းလွှင့်ခံရ) အရဟု ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အကျအဆုံးများကာ တပ်များကို ကွပ်ကဲရခက်နေသည့် နဝတ စစ်အုပ်စုသည် ကရင့် လက်နက်ကိုင် တော်လှန်ရေးနယ်မြေတွင် ထိုးစစ်များ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၈၊ ၄၊ ၁၉၉၂ နေ့တွင် ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးက နောက်ကနေ လိုက်အော်ပါတယ်။ သိပ်ပြီး ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့၊ တိုင်းရင်းသား ညီနောင် အချင်းချင်းတွေ ... ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့လေ ... ။

ပြည်တွင်းမှာတော့ နိုင်ငံရေးအရ ဖိနှိပ်ချေမှုန်းရေးတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဓီခမ်းမ တောင်းဆိုချက်ကို နဝတက အမျိုးသားညီလာခံနဲ့ တုံ့ပြန်လိုက်တယ်။ ညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်။ ညီလာခံ တက်ရောက်ခွင့်ရသူများဟာ စစ်အုပ်စုရဲ့ လက်ညှိုးထောင် ခေါင်းညိတ် ကိုယ်စားလှယ်အများစု ဖြစ်စေရမယ်။ အခြေခံ ဥပဒေရေးဆွဲပြီးမှ လွှတ်တော်ခေါ်ပေးမယ်။ အချိန်ကာလအားဖြင့်တော့ ဘယ်ရွေ့ ... ဘယ်မျှဆိုတာ ....

နဝတက ၂၃၊ ၆၊ ၁၉၉၂ မှာ အမျိုးသားညီလာခံအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပါတယ်။ ၂၊ ၁၀၊ ၁၉၉၂ တွင် ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့စည်းတယ်။ နဝတ၏ ၁၄/၉၂ အမိန့်ဒီကရီ ကြေညာချက် ထွက်လာပါတော့တယ်။ ၉၊ ၁၊ ၁၉၉၃ နေ့တွင် အမျိုးသားညီလာခံကို အဓမ္မ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂန္ဓီခမ်းမကြေညာချက်ကို မေ့မေ့ပျောက်ပျောက် ထားရစ်ခဲ့ပြီ။ မမေ့နိုင်သူတွေသာ ခံစားကြပေတော့။ ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် တက်ရောက်ခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ သမိုင်းဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံးနေကြတယ်။ ၁၆၊ ၂၊ ၁၉၉၃ မှာ ပြည်သူ့တိုးတက်ရေးပါတီ (ပီသုံးလုံး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးတယ်။ ပြည်သူ့တိုးတက်ရေးပါတီနဲ့ (ဒ မ ဖ) ခေါင်းဆောင် ဦးညိုဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းအမတ် ဦးတင်မောင်ဝင်းတို့ ထောင်တွင်းမှာ ကျဆုံးခဲ့ကြတယ်။ သုံးဦးစလုံးဟာ ကိုကိုးကျွန်းပြန်တွေဖြစ်ခဲ့ကြပြီး ဗမာပြည်ရဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သမိုင်းမှာ အစဉ်အလာကြီးခဲ့သူတွေ ဖြစ်ပါတယ်။

သစ္စာဖောက်နှင့် သူရဲကောင်းတို့သည်ကား သမိုင်းခေတ် အဆက်ဆက်တွင် ယှဉ်လျက် မွေးဖွားတတ်သည့်သဘောကို နာကျင် ဂုဏ်ယူစွာ ခံစားလိုက်ရပါတယ် .... ။ ။
Sent with Reeder

Regards

AN

Thursday, December 1, 2011

ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)

New Generations

ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)

" ရှစ်လေးလုံးစိတ်ဓာတ် (၁)" (မောင်မောင်စိုး)ဲ
July 22,2010

အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့..ဆိုပြီး အန်အယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့.. ဆိုတဲ့ ရိုးသားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထု နှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုံး၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်း အသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်အယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဖို့အတွက် အန်အယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည်လုံးအသိပါ။
ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့ အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမယ့်လည်း....

မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန့်ခူးစား...ကလိန်ကကျစ်ကျနေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဖို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စုကလည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက်ဖို့ ကြိုးစား ခဲ့ပါသေးတယ်။

နိုင်ငံတကာနဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဖို့ နအဖ စစ်အုပ်စုက တဘက်သတ် ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာပဲ အသားထဲကထွက်တဲ့ လောက်ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ.. တိုင်းပြည်ကိုနစ် သထက် နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ အချောင်သမား အခွင့်အရေးသမားတွေကို လူထုအနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန်တခုလုံးအနေနဲ့ သော်၎င်း.. ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှု ကျော်လွန်ဲပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်တိုက်ဖျက်သွားရေးကိုသာ ကျနော်ယုံကြည်ပါတယ်။ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ့ ရိုးသားစွာ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူဟာ ကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ ပေမယ့်လည်း ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့်လွှတ်နိုင်ပါသေးတယ်။
အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ကို သုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာမည့်အချောင်သမားများသာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။အန်အယ်လ်ဒီ ကနေ နှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်းပါတယ် ။ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်အယ်လ်ဒီ ကို ပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော်သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်း မမှားစေလိုသောကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ )သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က မွေးဖွားပေးခဲ့သော လူထုပါတီတရပ်ဖြစ်သည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .။

(မောင်မောင်စိုး)
jul22,2010
အပိုင်းအလိုက် ဆက်လက် ဖော်ပြသွားပါမည်။(ဟစ်တိုင် စာတည်းအဖွဲ့)
-------------------------------------------

" ရှစ်လေးလုံးစိတ်ဓာတ်(၂)"- (မောင်မောင်စိုး)-jul27,2010

၁၉၄၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှာ ဒို့ဗမာအစည်းအရုံး သခင်များ၏ အစီအစဉ်နဲ့ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နိုင်ငံကို စစ်ပညာများသင်ကြားရန် သွားရောက်ခဲ့ကြပါတယ်။ ဗြိတိသျှကိုလိုနီထက် ဆိုးတဲ့ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး လွတ်လပ် ရေး အရယူမယ်ဆိုတဲ့ မဟာဗျူဟာကို နိုင်ငံရေးခေါင်းဆောင်တချို့ က သဘောမကျကြပါဘူး။ ဒါပေမယ့်လည်း ဗြိတိသျှ ကိုလိုနီအစိုးရကို ပင်းပြီး ဒီမဟာဗျူဟာကြီးပျက်အောင် "ဒီခေတ်လို" ကလိမ်ကကျစ်ကျ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးလုပ်စားသူ မရှိခဲ့သလို၊ ဂျပန်ကိုပြန်တိုက်တော့ လည်း တညီတညွတ်တည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း မှတ်တိုင်များရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ ဒီနေ့ ဒီမိုကရေစီရေး တိုက်ပွဲကာလနဲ့ ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀ အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့် အခွင့်အရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဖို့ အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။

ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်းကျ ကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေ လွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှု ရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသော ဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ၊ အသုံးပြု တိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ " ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျှရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့် နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်က ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည်လုံးကျွတ်ဆန္ဒပြကြမည်ဆိုသည့် တဆင့်စကား လက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကြေညာချက်များကို မရရှိခဲ့စေကာမူ -စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။

အဲဒီ့အချိန်က ရန်ကုန်ရှိ ဘယ်ကျောင်းသားသမဂ္ဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဖို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ့်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကို ဗဟိုထားပြီး အခြားသောသမဂ္ဂများနှင့်ညှိနှိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပယ်ရှားပြီး၊ ပါတီတွင်း ဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ ခေါင်းဆောင်တယောက်(-------) က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် က ကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ ကိုယ်ကျိုးရှာဝါဒ တခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲ မဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှု အလျင်းမရှိ -အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာ မလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျှောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်း မျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲ၊ တောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စားမယ့်အုပ်စုတွေကလည်း ကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်း-ကသောင်းကနင်း အခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဖို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဖို့ အသင့်တော်ဆုံးအချိန် အခါပါပဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှုတွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက အလွန်ကြောက်ကြသည်။
ဒါပေမယ့်လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလိုကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖွားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊

(မောင်မောင်စိုး)
၁-၂၆၀-၄၂၆ ၄၁၂၁
ဂျူလိုင်လ(၄)ရက်၊၂၀၁၀။

အပိုင်း(၃)ဆက်လက်ဖော်ပြပါမည်။(ဟစ်တိုင်)

---------------------------------
 "ရှစ်လေးလုံးစိတ်ဓာတ် (၃)"-(မောင်မောင်စိုး)

၁၉၄၀၊ဇွန်လ(၁)ရက်နေ့ -ဟင်္သာတ စီရင်စု ဇလွန်မြို့ ဒို့ ဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့ဟောပြောကြလေသည် ။ ထိုအခိုက် ပုလိပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့် မဟောပြောရန် -ဗြိတိသျှအစိုးရမှ တားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပေသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အား စိုးစဉ်းမျှဂရုမစိုက်ဘဲ ဗြိတိသျှအစိုးရက ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူမောင်အား ကိုယ်မှာကြိုးကွင်းစွပ် ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်း ဟောပြောခဲ့ပါတယ်။
(ဒီသမိုင်းကို ကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက် ရည်ရွယ်ရင်း မရှိဘဲ ၊ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့-ဒို့ဗမာ ကြွေးကြော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့-ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးစားမိ၊ဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကို တွေ့ရှိရပါတယ်။)
ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်က လွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ ၀ရန်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် -နိုင်ငံခြားအကူအညီ ရယူပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင်ခဲ့ပေသည်။

 ဒီကနေ့ နောက်ကြည့်မှန် ထဲတွင် ပြန်လည်မြင်ယောင်နေမိသော ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က သူ့စာအုပ်ထဲမှာတော့ "တောထဲသွားရမလား၊ မြို့မှာပဲဆက် လှုပ်ရှားရမလား၊ တိုင်းပြည်အတွက် တော်လှန်ရေးခရီးရှည် ဆက်လှမ်းဖို့ရာ ချစ်သူ ညို ကို ထားရစ်ခဲ့လေပြီ။" နောက် တကယ့်လက်တွေ့ဘ၀မှာတော့ ထောင်အနှစ်(၂၀) ကျခံရပါတယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ဘ၀၊ လူ့သဘာဝအရ အပျော်ရွှင်ရဆုံးအချိန်တွေကို အများအကျိုးအတွက် (၁၇)နှစ်ကျော်ကျော် စတေးခံခဲ့ရပြီး၊ သူ ထောင်ကပြန်လွတ်လာပြီးနောက် ၂၀၀၇ ခု၊ သြဂုတ်လ(၁၈)ရက်နေ့ လောင်စာဆီဈေးတက်မှု ကန့်ကွက်ဆနွပြပွဲကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအနေဖြင့် ဦးဆောင်ပါဝင်ခဲ့ သောကြောင့်- သြဂုတ်လ(၁၉)ရက်နေ့တွင် ထပ်မံအဖမ်းခံရပြီး၊ ထောင် ၆၅ နှစ်နဲ့ ၆လ ကျခံနေရပါတယ်။

ကိုမင်းကိုနိုင်ဟာ သြဂုတ်(၁၈)ရက်နေ့ လှုပ်ရှားမှုပြီးတော့ ထိုညမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ့ကိုလည်း မကြာခင်လာရောက်ဖမ်း ဆီးတော့မှာကို ကြိုသိနေခဲ့ပါတယ်။ ဒါကို သူဘာဖြစ်လို့ ဒုတိယအကြိမ် အဖမ်းမခံ ထောင်အကျမခံဘဲ တိမ်းရှောင်ထွက်ပြေးခြင်း မပြုခဲ့ပါသနည်း။ အခုချိန် ကိုမင်းကိုနိုင် တယောက် အဖမ်းမခံဘဲ နယ်စပ် ထိုင်းနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ တခုခုတွင် လွတ်မြောက် ရောက်ရှိနေပါလျှင် သူဘာတွေလုပ်နိုင်မည်နည်း။ ပိဋက အိုးကွဲ + ပါရဂူဘွဲ့တွေယူပြီး ပညာရှင်တယောက်အဖြစ် တလွဲကြပ်အသံလွှင့်မှုတွေ လုပ်နေလေမလား။

နာမည်တလုံးနဲ့ အဖွဲ့တွေ လိုက်ဖွဲ့၊ ရှိသမျှတပ်ပေါင်းစုတွေမှာ နေရာတွေ ၀င်ယူနေလေမလား။

ကျနော့်အထင်တော့ ကိုမင်းကိုနိုင်ဟာ ဒါတွေကို ကြိုသိနေပြီး စိတ်ပျက်တာကြောင့် အပြင်ကို ထွက်တိမ်းရှောင်ခြင်းမပြုဘဲ ထောင်ထဲမှာပဲ တိုက်ပွဲကြမ်းကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားဖို့  ဆုံးဖြတ်ထားပုံရပါတယ်။ အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်။

တကယ်တော့အပြင်ဘက်မှာက တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားရည်မှန်းချက်နှင့် တခုချင်းစီ၏ အကျိုးစီပွားရည်မှန်းချက်များဟာ အပစ်ရပ်သဘောတူညီမှုများ နောက်ပိုင်း ကာလများမှစပြီး ဆက်စပ်မရ-ကွာဟလာရပြီး တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ နယ်စပ်ဒေသ အင်အားစုများရဲ့ ညီညွတ်ရေးဟာ သိသိသာသာ အားနည်းလို့လာပါတယ်။

တပ်ပေါင်းစု၏ သြဇာအရှိန်အ၀ါ ကျဆင်းလာရပြီး တခုချင်းစီ၏ အကျိုးစီးပွားများကိုသာ ဦးစားပေးလာကြသောကြောင့် တခုလုံး၏အမျိုးသား အကျိုးစီးပွား ထိခိုက်ယုတ်လျှော့လာခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေအနေနဲ့လည်း စစ်အုပ်ဆီက နိုင်ငံရေး လိုက်လျောမှု တစုံတရာအကျိုးအမြတ် မရရှိကြသလို တော်လှန်စစ်အတွက် မိမိတပ်အင်အား၊ လက်နက်အင်အားများ ပိုမိုဖြည့်တင်း ပြင်ဆင်လာမှုများလည်း တိုးတက်မှုတစုံတရာ မတွေ့ရ။

ဗိုလ်သန်းရွှေတို့ နည်းပရိယာယ်အောက်မှာ ကျနော်တို့အတိုက်အခံ အင်အားစုအားလုံး ညီညွတ်ရေးဆောက်တည်လို့ မရနိုင်အောင်ဖြစ်နေပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်အင်အားစု များအကြား ညီညွတ်ရေး နဲ့ ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေး နှစ်ရပ်လုံးမှာ ကော်ကပ်ထားတဲ့ အပေါ်ယံညီညွတ်ရေးအစား တကယ့်ညီညွတ်ရေးကိုတည်ဆောက်ရန်မှာ ယနေ့အခါသမယသည် ကုန်လေပြီးသော အခြားအချိန်များထက် ပိုမိုအရေးကြီးလှကြောင်း ခေါင်းဆောင်အားလုံးကို သတိပေးနှိုးဆော်အပ်ပါတယ်။

တယောက်တပေါက်ဗျူဟာနဲ့ကိုယ့်အကျိုးစီးပွား ကိုယ်ရှာရေးမူများကိုသာ ကျင့်သုံးနေကြတာတွေကို ပြန်လည်သုံးသပ်ကြဖို့ အချိန်ရောက်နေပါပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ချမှတ်ဆောင်ရွက်နေတဲ့ ရုတ်မက်(၇)ချက်..လို့ အားလုံး နားလည်နေတဲ့ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်အဆင့်ဆင့်ကို အကောင်အထည်ဖော်လာခဲ့ရာ ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၄င်းတို့ရဲ့ အရေးအကြီးဆုံးလှည့်ကွက်အဖြစ် နောက်ဆုံး အဆင့်တက်ရမည့် အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီအလှည်အပြောင်းမှာ ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ နဲ့အတူပြည်သူလူထု တရပ်လုံး (ကျနော်တို့အားလုံး) တက်ညီလက်ညီ လက်တွဲတိုက်ပွဲဝင်ပါမှ အာဏာရှင်စနစ်နိဂုံး ချုပ်စေပြီး တတိုင်တပြည်လုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်မှာဖြစ်ပါတယ်။

သို့မဟုတ်ပါက ဗိုလ်ချုပ်ကြီး နေ၀င်းကနေ တပါတီအာဏာရှင်ကြီး ဦးနေ၀င်းအဖြစ်ပြောင်းပြီး ၂၆နှစ်ကြာ ဂုတ်သွေးစုတ်အုပ်ချုပ်ခဲ့သလိုမျိုး... ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စစ်ဖိနပ်အောက် ပြားပြားမှောက်ရောက်ကြရ အုံးမှာ ဖြစ်ကြောင်း အထူးသတိပြုစေလိုပါတယ်။  တကယ်တော့ အန်န်အယ်လ်ဒီကို ၁၉၉၀ ခု၊မေလ(၂၇)ရက်နေ့ ကတည်းက ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးနဲ့ စစ်ဖိနပ်အောက်လွတ်မြောက်ရေးအတွက် ပြည်သူလူထုတရပ်လုံးက တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အန်န်အယ်လ်ဒီဟာ လူထုကို ဦးဆောင်မှုပေးရမည့် လူထုရဲ့တပ်ဦးပါတီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တာဝန်ရှိသူ နအဖစစ်အုပ်စုမှ တနည်းနည်းဖြင့်အသိအမှတ်ပြု အကောင်အထည်မဖော်သေးသမျှ နောက် ထပ်မည့်သည့်ရွေးကောက်ပွဲကိုမှ(၂၀၁၀ရွေးကောက်ပွဲ၊ သို့မဟုတ်-၂၀၁၁ သို့ရွှေ့ပြောင်းခဲ့လျှင်သော်၎င်း။) လက်ခံစရာ အကြောင်းမရှိပေ။ ထို့အတူ အန်အယ်လ်ဒီ၏ရပ်တည်ချက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေးအား စစ်အုပ်စု၏ ကြံ့ဖွံပါတီမှလွဲလျှင် အခြား အတိုက်အခံ ပါတီအားလုံး တပြိုင်နက်တည်း ရွေးကောက်ပွဲ မ၀င်ဘဲ တညီတညွတ်တည်း သပိတ်မှောက်ကြမည်ဆိုပါက အတော့်ကို ထိရောက်သည့် ထိုးချက်ပင်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ၏ အရှိုက်ကို တည့်တည့်ထိမှာဖြစ်ပါတယ်။ ဒါကို အန်အယ်လ်ဒီ ပါတီနှင့်တကွ ကျနော်တို့ အားလုံးအနေနဲ့ ရွေးကောက်ပွဲဝင်မည့် အဖွဲ့အစည်းများကို ဖျောင်းဖျစည်းရုံးပြီး ရွေးကောက်ပွဲ မ၀င်ကြဘဲ တညီတညွတ်တည်းသပိတ်မှောက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးစားသွားရမှာဖြစ်ပါတယ်။

ဒုတိယအဆင့် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်သည့်အတိုင်း ပြည်သူလူထုအနေနဲ့ မဲမပေးဘဲနေပြီး တိုက်ပွဲဝင်သွားနိုင်ရေး ကိုကြိုးစားသွားရမှာဖြစ်ပါတယ်။ အသိခေါက်ခက် အ၀င်နက်လှသည့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြသော ပါတီများကို ဖျောင်းဖျစည်းရုံးရန်မှာ အတော်မလွယ်ကူသည့်အလုပ်ပင်ဖြစ်ပါတယ်။
ရသလောက် နေရာဝင်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ -မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်+ခေါင်းညှိမ့် လက်ပါးစေအဆင့် သာ ရရှိကြမှာ သေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင် ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရွေးကောက်ပွဲ မစခင်ကတည်းက ထင်တိုင်းပြု နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။

ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လို မထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်း ပြောပြလိုပါတယ်။ မန္တလေးမြို့ အထက် ဧရာဝတီ မြစ် အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝသောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစု စခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့် ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များ အကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေးကူညီမှုမျှ မပြုရ ...ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင့်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအား မြို့မှ အခိုက်အတန့်အားဖြင့် ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာ ကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးကိုသာ အဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟု ယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေသောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေးကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက်သွားပါက တမြို့လုံးကို မီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာ အရေးမစိုက်ခဲ့ကြပေ။
ညသန်းခေါင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအား အတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေး တခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များ ယောက်ယက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာ တမြို့လုံး မီးရှို့ လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏ တိကျပြတ်သားသည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင် ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။
ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား =သူ့လူ ကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပြစ်ပေး အရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး..... အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . . ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။

(မောင်မောင်စိုး)
----------------------------

 " ရှစ်လေးလုံးစိတ်ဓာတ်(၄) ”(မောင်မောင်စိုး) aug 3,2010

ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ် သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါတယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ် ။ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ဆာလောင် မွတ်သိပ်နေတဲ့ ပြည်သူလူထုရဲ့သစွုာကို စောင့်ထိန်းပြီး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည်လျှက် ပြည်သူ့အတွက် လွတ်လပ်ရေးအရယူဖို့အတွက် သူခေါ်လာတဲ့ဂျပန်ကို သူကိုယ်တိုင် ပြန်တိုက်ခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေးအတွက်၊ ဒါဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်။ ပြည်သူလူထုကို နှိပ်စက်မတရားပြုနေတဲ့ ဘယ်လိုအုပ်ချုပ်မှုမျိုးကိုမှ သစွုာခံဖို့ မလိုပါဘူး။ ပြည်သူလူထုရဲ့သစွုာကို စောင့်သိခြင်းနဲ့ လူထုအကျိုးကိုရှေ့ရှုစေတနာထားခြင်းသာလျှင် မွန်မြတ်သည့် လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ထားမျိုး ဒီကနေ့ တပ်မတော်သား တွေမှာ ထားရှိဘို့လိုအပ်ပါတယ်။ တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ တပ်မတော်သားများ၊ တပ်မတော်အရာရှိများ အနေနဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာလှတဲ့ ဗိုလ်သန်းရွှေရဲ့ လက်အောက်မှာ မှားယွင်းတဲ့သစွုာကို စောင့်သိနေမယ့်အစား လူထုရဲ့ဘ၀ ဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်ရန် ပြည်သူ့သစွုာကိုသာ စောင့်သိလာမည်ဆိုပါက အတိုင်းထက်အလွန်တန်ဘိုးကြီးလှမှာ ဖြစ်ပါတယ်။

 ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှာလည်း ပြည်သူချစ်တဲ့ တပ်မတော်သားများ၊ ပြည်သူ့ အတွက် သစွုာစောင့်သိခဲ့ကြတဲ့ တပ်မတော်သားများဟာ ကျောင်းသားပြည်သူတရပ်လုံးနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေကို ဓားဓားချင်း-လှံလှံချင်း ပြန်လည်စိန်ခေါ်ခဲ့တဲ့ - ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ကျောင်းသားတပ်မတော် လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း တောခိုလာတဲ့ ပြည်သူ့တပ်မတော်သားများဟာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ သမိုင်းသာဓက များစွာရှိခဲ့ပါတယ်။

ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုက စစ်ခေါင်းဆောင်များဟာ ပြည်သူလူထုတရပ်လုံးကို အမျိုးမျိုးလိမ်လည်လှည့်ဖျားပြီး ဂုတ်သွေးစုပ် ဖိနှိပ်အုပ်ချုပ်နေရုံတင် မကပါဘူး၊ သူတို့ကိုသစွုာခံတဲ့ တပ်မတော်သားအားလုံးကိုလည်း လုံးဝညှာတာထောက်ထားခြင်းမရှိဘဲ၊ ကန့်သန့်ချုပ်မှုတွေနဲ့ မဝ ရေစာ ကျွေးမွေးကာ ခေါင်းဆောင်ကြီးများ၏ အာဏာတည်မြဲရေးတခုတည်းအတွက်သာ အသုံးချနေခြင်းဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှု မရှိ၊ ငါ့ဘို့၊ ငါ့အတွက်၊ ငါ့အာဏာတခုတည်းကိုသာ အမြဲကြည့်တဲ့ ဗိုလ်သန်းရွှေဟာ စစ်ခေါင်းဆောင်များအားလုံးထဲမှာ အဆိုးဆုံးအရက်စက်ဆုံးလူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ မသေသေးသရွေ့ -သူ့ရဲ့အာဏာကို ရှယ်ယာခွဲဝေပေးရမယ့် အလုပ် ။တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အလုပ်တွေ ဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။

တွေ့ဆုံဆွေးနွေးညှိနှိင်းအဖြေရှာရေးဆိုတဲ့နည်းလမ်းဟာ မည်သည့်နိုင်ငံမှာ မဆိုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဘို့ အကောင်းဆုံးနည်းတခုပါဘဲ။ ပြည်သူလူထုတရပ်လုံးကို ထိခိုက် နစ်နာစေမှု မရှိစေဘဲ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆိုတာက အာဏာရှင်တွေအပေါ်မှာသာ အဓိကကျပါတယ်။ အာဏာရှင်ဆိုတာ သူ့ကိုယ်ကျိုး၊ သူတို့ အာဏာတည်မြဲရေးကိုသာ စိုက်လိုက်မတ်မတ် ရည်ရွယ် အားထုတ်လာသူတွေ ဖြစ်ပါတယ်။

၁၊ လက်ရှိအာဏာရစစ်အုပ်စုမှာ တိုင်းသူပြည်သားတွေကို တကယ်စေတနာထားပြီး တိုင်းပြည်ရဲ့ ကောင်းကျိုးကိုရှေ့ရှု့လိုတဲ့ စိတ် အပြည့်အဝရှိပါမှ........။
၂၊ အတိုက်အခံအင်အားစုများက လက်ရှိ အာဏာရ စစ်အုပ်စုအပေါ် အသာစီးရနေပါမှ...၊
၃၊ အာဏာရစစ်အုပ်စုကို အထိနာစေမယ့် ခြိမ်းခြောက်မှုတွေနဲ့ အပေးအယူလုပ်နိုင်စရာရှိပါမှ....၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းဟာ အထမြောက်လာမှာဖြစ်ပါတယ်။

နံပါတ်တစ်ကတော့ လူတိုင်းသိပြီးသားပါပဲ၊ တိုင်းသူပြည်သားတွေကို စေတနာထားပြီး တိုင်းပြည်ကောင်းကျိုးကို ထည့်တွက်ဖို့ ဝေးရော..။ သူတို့စစ်အာဏာရှင်တွေကို ပုခုံးထမ်း တင်ပေးနေတဲ့ တပ်မတော်သားတွေကိုတောင်မှ ငတ်ငတ်သေသေ လှည့်မကြည့်ပါ။
နံပါတ်နှစ် =ကျနော်တို့ အတိုက်အခံအင်အားစုများကလည်း အသာစီးရနေခြင်းမရှိသေးပါ၊
ဒီကနေ့ အဓိက ဆွေးနွေးချင်တာကတော့ နံပါတ်သုံးအချက်ပဲဖြစ်ပါတယ်။ အာဏာရှင်တွေဟာ သူတို့အာဏာကို သူတို့ဆနွုအလျှောက် အလျှော့ပေးပြီး အတိုက်အခံအင်အားစုများနဲ့ တွေဆုံဆွေးနွေးပြီး ညင်ညင်သာသာနဲ့လူထုရဲ့အကျိုးကို ရှေ့ရှုပြီး အဆုံးသတ်လေ့မရှိကြပါဘူး။
 ဖိလစ်ပိုင်က အာဏာရှင် ဖာဒီနန်ဒ်မားကို့စ်( Ferdinand Emmaunel Edralin Marcos) ကတော့ ၁၉၆၅-၈၆ အထိ အာဏာရှင်အဖြစ်နဲ့တိုင်းပြည်အပေါ် ထင်တိုင်းပြုခဲ့ပါတယ်။ သူနဲ့သူ့မိန်းမ အီမယ်ဒါမားကို့စ် (Imelda Marcos) ကတော့ ဒေါ်လာသန်းထောင်ပေါင်းများစွာသော တိုင်းပြည်ရဲ့ ပိုက်ဆံတွေကိုခိုးယူပြီုး ဆွစ်ဇာလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဝှက်ထားခဲ့ပါတယ်။ အာဏာရှင် မားကို့စ် ကျန်းမာရေးမကောင်းလို့ သေခါနီးအချိန်မှာတောင်မှ တိုင်းပြည်အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဘို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဆီနိတ်တာဟောင်း အတိုက်အခံ ခေါင်းဆောင် နီနွိုင်အကွီနို(Benigno Simeon Ninoy Aquino)ကို သူ့ကိုကြိုဆိုနေကြတဲ့ လူထုရှေ့မှောက် မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။ အဲဒီိကစပြီးလူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံး လူထုစွမ်းရည်လှုပ်ရှားမှုတော်လှန်ရေး (People Power Revolution) ၊ သို့မဟုတ် အဝါရောင် ဖဲကြိုးးများကိုအမှတ်အသားပြုပြီး (Yellow Revolution) လို့လည်း လူသိများခဲ့တဲ့ လူထုတိုက်ပွဲနဲ့ ၁၉၈၆ ဖေဖော်ဝါရီလ(၂၂-၂၅)ရက်နေတွေ့မှာတော့ အာဏာရှင်မားကို့စ် ကို အလဲဖြိုပြီး ပြည်သူ့အောင်ပွဲ အနိုင်နွှဲခဲ့ကြပါတယ်။ ဒီလူထုတိုက်ပွဲရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်ကြီးဖီဒယ်ရာမို့စ် (Fidel V. Ramos) လူထုနဲ့ပူးပေါင်းလာတဲ့အတွက်ကြောင့်လည်း လူထုတိုက်ပွဲ အရှိန်အဟုန် အမြင့်ဆုံး မြှင့်တင် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
 ၁၉၇၃ စက်တင်ဘာ(၁၁)ရက်နေ့မှာ ချီလီနိုင်ငံရဲ့အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးတ် (Gen. Augusto Pinochert) ဟာ သမတအယ်လန်ဒေး(Salvator Allende) အစိုးရထံမှ စစ်အာဏာ သိမ်းယူခဲ့ပြီး ၁၉၉၀ခုနှစ်အထိ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ သမတ အယ်လန်ဒေးလဲ အသတ်ခံလိုက်ရပါတယ်။ ပီနိုချေးတ် အာဏာရရချင်း တလအတွင်းမှာတင် လူပေါင်း (၂၁၁၅)ဦး သတ်ပစ်ခဲ့ပြီး၊ အသက်(၁၂)နှစ်အောက် ခလေး(၈၈)ယောက်အပါအဝင် လူပေါင်း (၃)သောင်းလောက်ဟာ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် အမျိုးသမီးလှုပ်ရှားမှုများပေါ်ပေါက်လာပါတယ်။ ၁၉၈၀မှာ အာဏာရှင်သက်ဆိုးရှည်မယ့် ဖွဲ့စည်းပုံဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် သမတပီနိုချေးတ်အဖြစ် ဆက်လက်အာဏာရယူခဲ့ပါတယ်။
၁၀နှစ်အကြာ ပြည်သူအများစု၏ မဲဖြင့် ၁၉၉၀ မတ်လ(၁၁)ရက်နေ့ မှာ သမတအဖြစ်မှ ဖယ်ရှားခံရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး၊ အလွဲသုံးစားမှု၊ အခွန်တော်ရှောင်လွှဲမှု စသဖြင့်ရာဇဝတ်မှုပေါင်း (၃၀၀)ကျော်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ အင်္ဂလန်တွင် ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပီနိုချေးတ် ဟာ ၂၀၀၆ ဒီဇင်ဘာလ(၁၀)ရက်နေ့ သေဆုံးချိန်အထိ ထိုအမှုများကို ရင်ဆိုင်နေခဲ့ရပါတယ်။

ဒီနေရာမှာ တခုသတိထားမိတာက ဗိုလ်ချုပ်ကြီးပီနိုချေးတ် စစ်အာဏာသိမ်းတဲ့အချိန်မှာ အာဏာရ ချီလီဆိုရှယ်လစ်ပါတီ လက်ဝဲဝါဒီများကို အာဏာသိမ်းတာဖြစ်လို့ အမေရိကန် အစိုးရက အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီနိုချေးတ် အာဏာရှင်ဖြစ်လာပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိလာတော့ အမေရိကန်အစိုးရ အမြင်မှန်ရကာ ထောက်ခံမှု မပေးတော့ပါဘူး။ ထို့အတူပဲ အိန္ဒိယနဲ့ တရုပ်နိုင်ငံအနေနဲ့လဲ ရာဇဝတ်မှုတွေကို နေ့တဓူဝ ကျူးလွန်နေပြီး လူ့အခွင့်အရေးတွေကို ထမင်းစား ရေသောက်သလို ချိုးဖောက်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုကို ထောက်ခံကူညီမှုတွေရပ်ဆိုင်းသင့်ပါပြီ။အမြင်မှန်ရသင့်ပါပြီ။
 ဆူဒန်က ဒုဗိုလ်ချုက်ကြီးအိုမာအယ်ဘရှာ(Lt. General Omar Al-Bashir) ကတော့ ဗိုလ်သန်းရွှေတို့ရဲ့ ဆရာပါ။ ၁၉၈၆ ဇွန်လ(၃၀)ရက်နေ့ စစ်အာဏာသိမ်းတဲ့အချိန် ဗိုလ်မှုကြီး အိုမာအယ်ဘရှာ အဆင့်သာရှိသော်လည်း အဲဒီ့အာဏာသိမ်မှုကိုဦးဆောင်ခဲ့တာကြောင့် အမျိုးသား ကယ်တင်မှုတော်လှန်ရေးကောင်စီ(Revolutionary Command Council for National Salvation) ကိုစတင်ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနေရာကို ရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်၊စစ်ဦး စီးချုပ်၊ကာကွယ်ရေးဝန်ကြီး စတဲ့ရာထူးတွေယူပြီး အာဏာရှင် အိုမာအယ်ဘရှာဟာ ၁၉၉၃ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ သူ့ကိုယ်သူ သမတအဖြစ်ကျေညာခဲ့ပါတယ်။ သူ့လက်ထက် ဒါဖောအရေးအခင်း(The Darfur Conflict) မှာ ပြည်သူ(၄)သိန်းကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ဇူလိုင်လမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(International Criminal Court)မှာ ဥပဒေ အကျိုးဆောင်လွစ်မော်နိုအိုကမ်ပို(Luis Morno Ocampo) ကမကထပြုပြီး အာဏာရှင် အိုမာအယ်ဘရှာအား လူမျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးဖောက်ဖျက် သည့်ရာဇဝတ်မှုများဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၀၉ မတ်လ(၄)ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားများ ပိုမို ခိုင်မာလုံလောက်စွာရရှိလာသဖြင့် ၂၀၁၀ ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖမ်းဝရမ်း ထပ်မံထုတ်ခဲ့ပါတယ်။
 မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(Women's League of Burma)နဲ့ Nobel Women's Initiative အဖွဲ့တို့မှ စီစဉ်ဆောင်ရွက်သော မြန်မာနိုင်ငံအမျိုးသမီးများအပေါ် စစ်အုပ်စုမှရာဇဝတ်မှု ကျူးလွန်မှုများကို ဖော်ထုတ်ကြားနာတဲ့ ပြည်သူ့ခုံရုံးကြားနာပွဲမှာ ဗိုလ်သန်းရွှေတို့စစ်အုပ်စုဟာ လူ့အခွင့်အရေးနှင့် လူသားတို့အပေါ်မတရားကျူးလွန်နေသည့်ရာဇဝတ်မှုများ နေ့စဉ်ချိုးဖောက် ကျူးလွန်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ထိုပြည်သူ့ခုံရုံးကြားနာပွဲကို နယူးယောက်မြို့ နယူးယောက် စီးတီးယူနီဗာတီ မှာ ၂၀၁၀ မတ်လ(၂)ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။ အီရန်နိုင်ငံက(၂၀၀၃) နိုဘယ်လ် ဆုရှင်ဒေါက်တာရှီရင်အီဘဒီ(Dr. Shirin Ebadi) ၊အမေရိကန်က(၁၉၉၇)နိုဘယ်လ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams)၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းယူနီဗာစီတီမှ ဥပဒေပါမောကွု ပရော်ဖက်ဆာ ဝီတစ်မန်တဘွန်း(Prof. Vitit Muntarbhorn) ၊ တောင်ကိုရီးယားနိုင်ငံမှ စီဒေါ ဥပဒေရေးရာ ကျွမ်းကျင်သူ ယူအန်အမှုထမ်းဟောင်း ဒေါက်တာဟိုင်စိုးရှင် (Dr. Heisoo Shin) တို့က ခုံရုံးသမာဓိ တရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို ကိုယ်တိုင်ခံလာခဲ့ရတဲ့ မြန်မာတိုင်းရင်းသားအမျိုးသမီး(၁၂)ဦးမှ သက်သေထွက်ဆိုခဲ့ကြပါတယ်။

စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေရုံသာမကဘဲ နိုင်ငံတကာရာဇဝတ်မှုဥပဒေများကိုပါ ချိုးဖောက်လျက်ရှိကြောင်း... ပြည်သူ့ခုံရုံးတော် ခုံသမာဓိ တရားသူကြီးများက တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက် နိုဘယ်ဆုရှင်များနှင့်အတူမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှ ဗဟိုသဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်တို့မှ ထိုကြားနာချက်များနဲ့ ပြည်သူ့ခုံရုံးတော် စီရင်ချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းထံသို့ ကိုယ်တိုင်တိုယ်ကျ တွေ့ဆုံရှင်းပြဆွေးနွေးပြီး တရားဝင် တင်သွင်းခဲ့ကြပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးတော်မှာ မြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုး ပါဝင်ထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်က တိုက်ရိုက် ကိုင်တွယ်ခွင့် မရှိသေးသော်လည်း စစ်အုပ်စု၏ရာဇဝတ်မှုကျူးလွန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂအနေနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (တရုပ်နဲ့ရုရှားတို့ရဲ့ ဗီတိုပါဝါ ပယ်ဖျက်မှုကို ) စိုးရိမ်စရာ မလိုဘဲ ဝင်ရောက်စုံစမ်း စစ်ဆေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ရာဇဝတ်မှု အမှန်များပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ပြစ်မှုကျူးလွန်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(ICC)မှ ဥပဒေ အကျိုးတော်ဆောင်တဦးဦး(Prosecutor)မှ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်သူ စစ်ခေါင်း ဆောင်တဦးဦး ဒါမှမဟုတ် ၄င်းရာဇဝတ်များနဲ့ပတ်သက်ဆက်နွယ်လျှက်ရှိသူများ၊ သွယ်ဝိုက်တာဝန်ရှိသူများကို တိုက်ရိုက်စုံစမ်းစစ်ဆေးမေးမြန်းမှုတွေကိုပြုလုပ်ပိုင်ခွင့်ရှိပါတယ်=(ICC; Article25 <2002>)။
အဲဒီ့ရာဇဝတ်ကောင်များကိုလည်း လက်ရှိစစ်အစိုးရမှ တရားသေ လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်မရှိပါဘူး=(ICC; Article27 <2002>)။

ဒါကြောင့် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လူသားတို့အပေါ် ရာဇဝတ်မှုများကျူးလွန်မှုများကို ဖော်ထုတ်တရားစွဲဆိုရေး ဆောင်ရွက်ချက်များမှာ အလွန်တရာ ထိရောက်သော ထိုးနှက်ချက် ဖြစ်ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်မှု =ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရပ်တန့်မနေဘဲ ဆက်လက်ဖော်ထုတ်အရေးယူသွားဖို့ လိုအပ်ပါတယ်။ သို့ပါမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို နိုင်ငံတကာတရားဥပဒေနဲ့အညီ နိုင်ငံတကာ တရားဥပဒေဘက်တော်သားများမှ ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အမျိုးသမီးများအပေါ်မှာသာ ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာမဟုတ်ပါဘူး၊ အမျိုးသားများ ခလေးသူငယ်များ သက်ကြီးရွယ်အိုများပါမကျန် လူမျိုး ဘာသာမရွေး စစ်အုပ်ချုပ်ရေးလက်အောက်က မြန်မာပြည်သူလူထုရပ်လုံး ပြားပြားမှောက်ကာ နေ့ စဉ်နဲ့ အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။ ဒါကို အခြားသောပြည်ပအဖွဲ့အစည်းများအနေနဲ့လည်း ကျြိုးစားဖော်ထုတ်ကာ စစ်အုပ်စုကို ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

NLD အနေနဲ့ နအဖ စစ်အုပ်စုကို ပထမအကြိမ်တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ သို့ပေမယ့် NLD အနေနဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု (Legal Process)များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ က NLD က နအဖစစ်အုပ်စုအား အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ အရ ဆက်လက်တရားစွဲသွားမှာဖြစ်ကြောင်း အကြောင်းကြားစာကို ပေးပို့လိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီ့အပြင် ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးကလည်း ဥပဒေပုဒ်မ ၄၂ အရ စစ်အုပ်စုကို တရားစွဲဆိုထားခဲ့ပါတယ်။

ကိုယ်တိုင်ရေးဆွဲထားတဲ့ဥပဒေကို၎င်း၊ နိုင်ငံတကာဥပဒေတွေကိုသော်၎င်း- နအဖ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ်။ ဒါ့ကြောင့် ဥပဒေကြောင်းအရ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဟာ ဒီကနေ့နိုင်ငံရေးလှည့်အပြောင်းတခုကို ဗြောင်လိမ်ဗြောင်စား တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုရေးကို ကျြိုးစားနေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကို တရားစွဲဆိုရေး လုပ်ငန်းစဉ်များဟာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ ထိုးစစ်ဗျူဟာတရပ်ဖြစ်ပါတယ်။ NLD အနေနဲ့ ရှေ့ဆက်ပြီး ILOနဲ့  ပူးပေါင်းကာ အလုပ်သမားများအခွင့်အရေးရာများနဲ့ ကလေးစစ်သားများ စုဆောင်းမှု၊ အတင်းအကြပ်ကိုင် လုပ်အားပေးခိုင်းစေမှုများကိုပါ ဖော်ထုတ်တရားစွဲသွားမှာဖြစ်ကြောင်း ......ဦးတင်ဦးက ထုတ်ဖော်ပြောကြားရင်း ထပ်မံစိန်ခေါ်လိုက်ပါတယ်။

စစ်အာဏာရှင် နိဂုံးချုပ်ရေးနဲ့ဒီမိုကရေစီရေး လိုလားသူ အဖွဲ့အစည်အားလုံးနဲ့ ပြည်သူတရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အလွန်တရာ ထိရောက်ပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ထိုသို့ တရားစွဲဆိုရေး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြင့် စစ်အုပ်စုကို အကြပ်ရိုက်စေပြီ့း အပေးအယူများရှိလာကာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းဆီ အမြန်တွန်းပို့နိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာ ကြားကောင်းအောင်- စတိတ်မန့်ထုတ်နေရုံနဲ့တော့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်တို့ကို ထိပ်တိုက်ရင်ဆိုင် အောင်ပွဲခံခဲ့ဖူးသော လူထုတိုက်ပွဲနှင့် ရှစ်လေးလုံးစိတ်ဓာတ် -သို့တည်းမဟုတ် -ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည် နှလုံးသွင်းကာ ပေါင်းစည်းညီညာသော လူထုတိုက်ပွဲကို ဆင်နွှဲအောင်ပွဲခံကြပါစို့။ ။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
(မောင်မောင်စိုး)၁-၂၆၀-၄၂၆ ၄၁၂၁

ကိုမောင်မောင်စိုး တစ်ယောက်လူ့လောထဲက ရုတ်တရက်နုတ်ဆက်ခွဲခွာသွားတော့မိသားစုနှင့်အတူ ထပ်တူထပ်မျှအထူးကြေကွဲ ၀မ်းနည်းရပါတယ်....
Sent with Reeder

Regards

AN