Sunday, October 11, 2009

ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်တွေနဲ့ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၉။၁၀။၂၀၀၉ က အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံ သံအရာရှိတွေကို ရန်ကုန်မြို့က မြန်မာအစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ တွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုချက်အတိုင်း စစ်အစိုးရ က ဒီလိုတွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

သောုကာနေ့ ၁၀ နာရီက အမေရိကန်သံရုံး ယာယီတာဝန်ခံ သောမတ်စ် ဗက်တာ (Thomas Vajta)၊ ဥရောပ နိုင်ငံတွေ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်န်ဒရူးဟိန်း (Andrew Heyn)၊ သြစတြေးလျနိုင်ငံ ယာယီ သံရုံး တာဝန်ခံ ဒု သံအမတ်ကြီး ဆိုင်မွန် ခရစ်တိုဘာ စတား (Simon Christopher Starr) တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ မြန်မာစစ်အစိုးရ အရာရှိတွေ လည်း တွေ့ဆုံချိန်မှာ ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဓိက ဆွေးနွေး ကြတာ ဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ နေ့ခင်းပိုင်းမှာ သံရုံးအရာရှိတွေ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေကို ရှင်းပြခဲ့ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဒီကိစ္စကို အခုလို ပြောပါတယ်။

"မနက် ၁၀ နာရီကနေ ၁၁ နာရီအထိကို သံအမတ်ကြီးတွေနဲ့တွေ့တယ်။ ယူအက်စ် ရယ်၊ သြစတြေးလျရယ်၊ ယူကေ ရယ်။ အဲဒါကို ညနေပိုင်းမှာ ကျနော်တို့ဆီကို လာရောက်ရှင်းပြပါတယ်။ အဲဒီသံမှူးကြီးတွေက။ အဓိက ကတော့ သူတို့ ရှင်းပြတဲ့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ ပြောနိုင်တာကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ပါတဲ့ အချက် ၃ ချက်ပေါ့နော်။ ဘယ်လို sanction တွေလဲ၊ ဘယ်လောက် ထိတာလဲ၊ consequences (နောက်ဆက်တွဲ အကျိုးသက်ရောက်မှု) တွေက ဘာတွေလဲ။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံတယ်။ သူတို့ကလည်း အဲဒီအချက်အလက်တွေ ရဖို့ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်လို့ သူတို့ ကတိ ပေးခဲ့ကြ တယ်။ အဓိက က အဲဒါပါပဲ။"

ဒီလို မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို နောက်တကြိမ် ထပ်ပြီး ကျင်းပနိုင်မယ်လို့ သံရုံးအရာရှိတွေဘက်က မျှော်လင့်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှု တွေ့ဆုံမှုတွေက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။

No comments:

Post a Comment