Wednesday, March 31, 2010

“သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ရဲ့ စကားလုံးသခင်သို့ ...

“သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ရဲ့ စကားလုံးသခင်သို့ ...
သံခဲ

“သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ...။

ကျနော့်ဘ၀မှာ ဒီစကားလုံး ပထမဆုံး စပြောတာက ဆရာကြီး ဦးတင်မိုး(ဆရာဂျမ်း)။ ပြောတဲ့နေရာက ဆရာ သာမည ခေါ် ကိုခင်မောင်စိုးရဲ့ ချင်းမိုင် နေမာဟေမင်၊ ဆရာဂျမ်းအခေါ် ဟေမာနေ၀င်းလမ်းရဲ့ တိုက်ခန်းမှာ။ အချိန်က ၂၀၀၆ ခုနှစ်ထဲက နေ့တနေ့ရဲ့ ညနေ ၇း၃၀၊ ၈း၀၀ နာရီလောက်ဖြစ်မယ်။

ထိုနေ့ကား ဆရာ့ကို မဲဆောက်မှ ချင်းမိုင်သို့ ကျနော် ပြန်ခေါ်လာတဲ့နေ့။ ဒါဟာ ဆရာ့အတွက် မဲဆောက် နောက်ဆုံးခရီးစဉ်လည်းဖြစ်တယ်။

ဒီဗီဘီရုံးက ဆရာ့ကို တီဗီမှတ်တမ်းရိုက်ပြီး အပြန်။ အင်တာဗျူးတဲ့ အကြောင်းကလည်း ဆရာရဲ့ ထောင်တွင်း အတွေ့အကြုံများ။ ဆရာပြောချင်တာ စိတ်လွတ်လက်လွတ် ပြောနိုင်ဖို့ ဧည့်ခန်း ဆက်တီပေါ်မှာ သက် သောင့်သက်သာထိုင်ရင်း ဒီဗီဘီ တီဗီဝိုင်းတော်သားတွေက ရိုက်ကူးပေးခဲ့ကြတယ်။ ဆရာက ဆေးလိပ်ကိုဖွာ ရင်း အေးအေးဆေးဆေး ပြောလိုက်၊ ခဏနားလိုက်၊ သတိရတဲ့အကြောင်းတွေကို ပြန်ပြောလိုက်နဲ့။ ကျနော်က တော့ တီဗီကင်မရာမြင်ကွင်းထဲမရောက်တဲ့ ဘေးတနေရာမှာ ထိုင်ရင်း ဆရာ့စကားတွေကို နားထောင်ကာ ဆ ရာနဲ့အတူ ဆရာ့ဘ၀ဇာတ်ကြောင်းထဲ မျောဝင်ခံစားနေတယ်။

တီဗီအင်တာဗျူးချိန် တနာရီကျော်လောက် ကြာခဲ့တယ်။ ထို့နောက် ရဲဘော်မောင်တူးက အထဲကကျောင်းသား ခေါင်းဆောင်တယောက်နဲ့ စကားပြောဖို့ တယ်လီဖုန်းချိတ်ပေးတော့ ဆရာက ၀မ်းပန်းတသာ အထဲကို နှုတ် ခွန်းဆက်တယ်။ ဆရာက ကျနော့်ကိုပါ ထိုကျောင်းသားခေါင်းဆောင်နဲ့ စကားပြောခိုင်းတယ်။ နှုတ်ဆက်တဲ့ သဘောပါပဲ။ ဒီဗီဘီဝိုင်းတော်သားတွေက ကျနော်တို့ကို ထမင်းစားဖို့ပြောသော်လည်း ဆရာက မဆာသေး။ ကျနော့်ကို ဆရာသာမညအခန်း သွားစို့လို့ ပြောလို့ ဆရာ့ကို ဆိုင်ကယ်နောက်က ခေါ်လာခဲ့တယ်။ ဒီဗီဘီရုံးရှိ ရာ သံဝေဂဟု အမည်ပေးထားသည့် နေရာမှ ကျုံးဘက်ထွက်ပြီး မန္တလေးအလွမ်းပြေ ကျုံးဘေး အတွင်းပတ် လမ်းအတိုင်း ဆရာ့ကို ဖြေးဖြေးမောင်းပို့ပေးခဲ့တယ်။ ကျနော်တို့ရဲ့ ဆရာကား လွယ်အိတ်တလုံးနဲ့ ဆိုင်ကယ် နောက်မှ ...။

ဒီလိုနဲ့ ဆရာသာမညအခန်းသို့ ကျနော်တို့နှစ်ယောက် ရောက်ခဲ့ခြင်းဖြစ်တယ်။ ဆရာသာမညက ရေခဲသေတ္တာ ထဲမှ ရေအေးဘူး ထုတ်ပေးတော့ ကျနော်တို့နှစ်ယောက်သား တဂွတ်ဂွတ်နဲ့ သောက်လိုက်ကြတာ ကုန်သ လောက်နီးပါး ဖြစ်သွားတော့ ...။

‘ဟင်း ... သောက်လို့ကောင်းလိုက်တာ’ ဟု ဆရာက ပြောရင်း ကြမ်းပြင်ပေါ်ရှိ နောက်မှီခုံလေးပေါ် သူ့ခန္ခာ ကိုယ်ကြီးကို မှီရင်း လက်တဘက်က လွယ်အိတ်ထဲက ဆေးလိပ်ဘူးကို နှိုက်တယ်။ အဲဒီနောက် ထုံးစံအတိုင်း မာလ်ဘိုရိုလိုက် အဖြူရောင် စီးကရက်လေးကို မက်မက်မောမော ရှိုက်ရင်း အမောဖြေနေရှာတယ်။

ကျနော်နဲ့ ဆရာသာမညကတော့ ရောက်တတ်ရာရာ ကရွတ်ကင်းလျှောက် စကားပြောနေကြရင်း နောက်ဆုံး တော့ နိုင်ငံရေးအခြေအနေဆီရောက်သွားတယ်။ ဒီပဲယင်း၊ လမ်းပြမြေပုံ (၇) ချက်၊ အမျိုးသားညီလာခံ၊ ယနေ့ စီပွားရေး၊ ပညာရေး ... စသဖြင့် ဘာရယ်လို့မဟုတ်။

အဲဒီမှာ ကျနော်တို့ရဲ့ဆရာ ဆရာဂျမ်း ခေါ် ဆရာတင်မိုးက ဆေးလိပ်ကို ပြာခွက်ထဲထည့်ရင်း ...

‘ဟေ့ကောင် ... ရဲဘော်သံခဲ’

ဆရာက ကျနော့်ကို တခါတရံ ရဲဘော်သံခဲ၊ တခါတလေ မောင်သံခဲ၊ တခါတခါမှာတော့ ဗိုလ်သံခဲဟု ကြုံသလို ခေါ်တယ်။ ဒါပေမယ့် ရဲဘော်သံခဲ ဆိုတာကိုတော့ လေးလေးနက်နက် ခေါ်တတ်တာကို ရင်းနှီးနေတဲ့အတွက် သတိထားမိတယ်။ ကျနော်တို့လို လူငယ်တွေကို ရဲဘော်ရဲဘက်လို သဘောထားတဲ့ ဆရာရဲ့ အတွင်းစိတ်ကို ပြတယ်လို့ ကျနော်က ယူဆတယ်။ ကျနော်သာမဟုတ် အခြား ကျနော်တို့လို သူ့ တူသားနောင်အရွယ်အားလုံး ကိုလည်း တခါတလေ ရဲဘော်ကို နာမည်ရှေ့က တပ်ခေါ်တတ်သေးတယ်။ လူတွေနဲ့ ၀ိုင်းဖွဲ့စကားပြောတဲ့အခါ တွေမှာ ရဲဘော်တို့လို့ ချစ်ခင်ရင်းနှီးစွာလည်း ဆရာ သုံးလေ့ရှိတယ်။

‘ဗိုလ်’ ကို နာမည်ရှေ့က တပ်ခေါ်တာကတော့ စချင် နောက်ချင်တာပါသလို ချစ်စနိုးနဲ့ ခေါ်တာဖြစ်ပါလိမ့်မယ်။ ကျနော်က မလုပ်ပါနဲ့။ ဒီ ဗိုလ်ကြီး တပ်တပ် မခေါ်ပါနဲ့၊ ရှက်လွန်းလို့ပါ။ ကျနော်တို့ ကျောင်းသားတပ်မတော်မှာ ဗိုလ်မရှိပါဘူး။ ရဲဘော်ပဲ ရှိပါတယ် ဆရာရယ်လို့ ခပ်သောသောကလေး ပြန်ပြောဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုကျ တော့ ဆရာက တဟဲဟဲနဲ့ ...။



“ဒီမှာ ဒီမှာ ရဲဘော်သံခဲ” ဆရာက ကိုယ်ကို ရှေ့နည်းနည်းတိုးရင်း ...
“မင်း ... အိုစမာဘင်ကို သိလားကွ”
“ဟာ ... ဆရာကလည်း သိတာပေါ့ဗျ။ ဘာဖြစ်လို့တုန်း” ဆိုပြီး ကျနော်က ပြောရင်း ဆရာမောင်သာမညနဲ့အ တူဆရာ ဘာပြောမလဲဆိုတာ သိချင်တာရော၊ ပျော်ပျော်နေတတ်သလို ကျနော်တို့လို ရင်းနှီးနေတဲ့သူတွေကို စတော့ နောက်တော့မယ့်အချိန်မှာရှိတဲ့ ဆရာ့ရဲ့ မပြုံးတပြုံး၊ မချိုမချဉ် ချစ်စရာ မျက်နှာ လပြည့်ဝန်းကြီးကို လှမ်းကြည့်နေမိပါတယ်။

“အေး ... အိုစမာဘင်လို မင်းတို့ဆီမှာ လက်နက်တွေမရှိဘူးလား” ဆရာက ပြုံးသလိုမှ ခပ်တည်တည်နဲ့ ကျ နော့်ကို ကြည့်ရင်း မေးပါတော့တယ်။

“ဟာ ...၊ ဆရာကလည်း ကျနော်တို့ဆီက လက်နက်တွေနဲ့ အိုစမာဘင်ရဲ့ လက်နက်နဲ့ နှိုင်းစရာဗျာ”

ကျနော့်အဖြေကို ဆရာ မစောင့်ပါ။

“ဒီကောင်တွေက စကားပြောလို့ မရဘူးကွ။ လူစကားမသိတဲ့ အလေဏတောကောင်တွေ။ ဒီကောင်တွေရှိနေ သမျှ အားလုံးကို ဒုက္ခပေးမယ့်ကောင်တွေ။ ဒါကြောင့် ရဲဘော်သံခဲတို့ ဒီကောင်တွေကို မစ်ရှင်တခုဖွဲ့ပြီး သူသေ၊ ကိုယ်ကြေတိုက်ရမှာကွ” လို့ ဆရာက ပြောပါတယ်။

“ဆရာကတော့ လုပ်ပြီဗျာ။ ကဲ မစ်ရှင်ဖွဲ့မယ်။ အဲဒီမစ်ရှင်နာမည် ဆရာပေးဗျာ” လို့ ကျနော်က ပြန်နောက်ရင်း ဆရာ့ကို ပြောနေတုန်းမှာ ...

“ဟေ့ ... ဟေ့ ... နေဦးကွ။ မင်းတို့တော့ သေလို့မဖြစ်ဘူး။ ကြေဖို့လည်း မလိုဘူး။ ရှင်ဖို့လိုတယ်။ ဒါကြောင့် ဒီ မစ်ရှင်ကို ‘သူသေ၊ ကိုယ်ရှင် တိုက်ပွဲဝင်’ လို့ နာမည်ပေးကွာ” လို့ ဆရာက ပြောလည်းပြီးရော ကဲ ... ဘယ်လို လဲ ဆိုတဲ့သဘောနဲ့ ကျနော့်ကို ကြည့်ပါတယ်။ နောက်ပြီး “သူသေ ကိုယ်ရှင် တိုက်ပွဲဝင်၊ သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ဆိုပြီး တယောက်တည်း ရွတ်ပြနေပါသေးတယ်။ အဲဒါ အင်မတန်မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည် နဲ့ လူမျိုးသာမက လူသားအားလုံးကို ချစ်တဲ့ ပြည်သူ့စာဆို၊ ကဗျာဆရာကြီးရဲ့ရင်တွင်းက ထွက်လာတဲ့ နာကျင် ခံခက် ခံစားရမှုများရဲ့ ရောင်ပြန်ဟပ်မှုလို့ပဲ ဆိုချင်တယ်။

ကျနော့်မှာ ဆရာ့ရဲ့ဒီစကားလုံးကို နားထဲသာမက အသည်းထဲထိ စွဲသွားခဲ့တယ်။ ဆရာမရှိတဲ့နောက် ဆရာ့ကို အမှတ်တရ ပြောကြတဲ့ ၀ိုင်းတွေမှာ ဒီ ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင်’ ဆိုတဲ့ စကားကို ဖောက်သည်ချမိပါတော့ တယ်။

အဲဒီညနေက ဆရာဂျမ်းနဲ့ ဆရာသာမညတို့ အခြားအကြောင်းအရာတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေ ကြပေမယ့် ကျနော့်မှာ မကြားတချက် ကြားတချက်။ ဆေးလိပ်ဖွာရင်း ဘေးကနေ နားထောင်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဒေါက်တာ အောင်ကျော်ဦး၊ ကျနော်တို့အခေါ် ကိုဦး၊ ကဗျာနဲ့ သံချပ်ရေးတော့ မြတ်ထက်၊ မီဒီယာ အင် တာဗျူးသမားတွေခေါ်တော့ ဆရာမြတ်ထက် ကျနော့်တို့ဘက်လာလည်တဲ့အခေါက်။ ကျနော်၊ ကိုလွမ်းဏီ၊ ကို လွဏ်းဆွေတို့နဲ့ စုဖွဲ့ကြရင်း ၀ိုင်းကောင်းလို့ ညဥ့်နက်သွားခဲ့တဲ့ တရက်။ ကျနော့်အိမ် ဘုရားစင်ရှေ့မှာ သူလိုက် အိပ်တယ်။ နှစ်ယောက်သား စကားဆက်ပြောကြရင်း ဆရာဂျမ်း၊ ဆရာစွမ်း၊ ဆရာဦးဝင်းဖေတို့အကြောင်း ရောက်သွားတယ်။

“မင်း ... ကံကောင်းတယ်ကွာ။ ဒီလိုဆရာတွေနဲ့အတူ ခရီးသွားခွင့်၊ သူတို့ကို ပြုစုခွင့်၊ သူတို့စကားတွေကို နား ထောင်ခွင့်ရတာ အရမ်းကံကောင်းတယ်” လူက ၀ တဲ့အတွက် စွပ်ကျယ်ဂျိုင်းပြတ် အဖြူလေးပေါ်က ကသည်း တဘက်ပါးလေးကို ကိုင်းရင်း နဖူးက ချွေးကို သုတ်ရင်းနဲ့ ... ဆရာတင်မိုးကို တမ်းတရင်း ညည်းပြောလေး ပြောလိုက်တယ်။

အဲဒီမှာ ကျနော်က သူ့ကို ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူတွေက မတရားမင်းမူနေပုံ၊ ဆရာချစ်သော ဒေါ် အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်တွေ ထောင်ကျနေတာ မခံမရပ်နိုင်ပုံ၊ စုတ်ပြတ်ငတ်မွတ်နေ တဲ့ ပြည်သူတွေဘ၀ကို မကြည့်စိမ့်နိုင်ပုံတွေကြောင့် ရင်ထဲက ဝေဒနာတွေ အန်လွှတ်ရင်း “ သူသေ၊ ကိုယ်ရှင် တိုက်ပွဲဝင်” ဆိုတဲ့ စကားအကြောင်း ရောက်သွားပါတော့တယ်။

သံချပ်ရေးဆရာ မြတ်ထက်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မန္တလေး ဘုရားကြီးတိုက်က ဂဠုန်နီ သပိတ် တပ်ဖွဲ့ ခေါင်းဆောင်တဦး၊ ဆရာဝန်။ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ အိန္ဒိယ-မြန်မာနယ်စပ်စခန်းသို့ က နဦးရောက်ရှိခဲ့တဲ့ သူ၊ စခန်းတည်ထောင်သူတွေထဲက တယောက်။ ကျနော်နဲ့က (၁၀) နှစ်နီးပါး တစခန်းထဲ တဒေသထဲ အတူတကွ တော်လှန်ရေးခရီး ဖြတ်ခဲ့ကြသူတွေ၊ ဒီနေ့ထိလည်း တာဝန်ကိုယ်စီနဲ့ တဖွဲ့တည်း တ မိုးတည်းအောက်မှာ ကျန်ရှိနေကြတုန်း။ ဒါပေမယ့် သူက နှစ်စဉ် သင်္ကြန်ရောက်ရင် သံချပ်ရေးတာ သူ့အလုပ်။ ဟာသဓာတ်ခံလည်းရှိ ကဗျာလည်းရေးတဲ့သူဆိုတော့ စကားလုံးတွေသုံးတဲ့နေရာမှာ ထိတယ်။ နိုင်ငံရေးသ မားတဦးလည်း ဖြစ်နေတော့ အခြေအနေကို ခြုံငုံပြီး ကွက်ကွက်ကွင်းကွင်း ထိထိမိမိနဲ့ ဖော်ထုတ်ပြတယ်။ သ ရော်တဲ့နေရာမှာလည်း ပီပြင်တယ်။ ဒါကြောင့် သူ့သံချပ်တွေက ပြည်တွင်း၊ ပြည်ပ နှစ်ခုစလုံးမှာ ပေါက်တယ်။ လူကြိုက်များတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ အင်မတန်ကြောက်တယ်။

ဒီလိုနဲ့ နှစ်စဉ် သံချပ်ရာသီရောက်တိုင်း နောက်ထပ် အလုပ်များသူကတော့ စီစဉ်သူ ကျောက်မဲကျော်ကြီး၊ ကျ နော်တို့အခေါ် ကိုကျော်ကြီး။ လူတိုင်းကို သမမျှတအောင်လုပ်နိုင်တဲ့ သည်းခံမှုစွမ်းရည်မြင့်တော့ သံချပ်သွင်း ချိန်ဆို အိန္ဒိယရောက် ရဲဘော်တွေအားလုံးနီးပါး ပါဝင်ရလေ့ရှိတယ်။ ဒါသည်လည်း မဇ္ဈိမဒေသဘက်က စု စည်းမှုတခုလို့ ဆိုရမယ်။

တိုင်သူကတိုင် ဖောက်သူကဖောက်၊ နောက်က လိုက်သူကလိုက်၊ ကာရာအိုကေနဲ့ သီချင်းကျင့်သူက ကျင့်။
ကလေး၊ လူကြီး။ ယောက်ျား၊ မိန်းမ နီးစပ်ရာ လာကြ အော်ကြပေါ့။ ၁၉၉၅ ခုနှစ် သံချပ်ကို ကျနော်တို့မိသားစု ရှိနေတဲ့ မီဇိုရမ် အိုင်ဇောမှာ အသံသွင်းဖြစ်တယ်။ ကိုကျော်ကြီးရဲ့ စည်းရုံးရေးကောင်းတာရော၊ ၀မ်းတွင်းပိုးက လည်းရှိနေတော့ အဲဒီသံချပ်ထဲမှာ အတိုင်ဖောက်တပုဒ် ကိုယ်တိုင် ၀င်ဟဲခွင့်ကြုံသလို။ လက်တွဲဖော် မိန်းမ တောင် သမီး လသားကလေး နို့တိုက်ရင်း မြန်မာသံ အမျိုးသမီးအဆိုမရှိလို့ သီချင်းတပုဒ် ၀င်နွှဲခဲ့ကြသေး တယ်။ လူတိုင်း သံချပ်ရေစက်နဲ့ မကင်းတာကို ပြောချင်တာပါ။

အခုတော့ ...

ကျနော်တို့အားလုံးချစ်သော ကဗျာဆရာကြီး ဦးတင်မိုး၊ ဆရာဂျမ်းလည်း ကွယ်လွန်ခဲ့ပါပြီ။ သူ့ကို မမေ့နိုင်ပါ။ ဘယ်တော့မှလည်း မေ့နိုင်လိမ့်မည်မဟုတ်ပါ။

သို့သော် သံချပ်ရေးဆရာ မြတ်ထက်မှာ “သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ၂၀၁၀ သံချပ်ကို ရေးရင်း ဦးနှောက် သွေးကြောပေါက်သွားခဲ့၊ လေဖြတ်သွားခဲ့တယ်။ စီစဉ်သူ ကျောက်မဲကျော်ကြီး (ကိုကျော်ကြီး) က ကျန်ရှိနေ တဲ့အပိုင်းတွေကို လက်လှမ်းမီရာ မိတ်ဆွေတွေရဲ့ အကူအညီယူရင်း “သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်ကို အပြီးသတ်ခဲ့တယ်။

ဒီလိုနဲ့ သံချပ်ဆရာ မြတ်ထက် (ကိုဦး) ၂ လကျော်၊ ၃ လနီးပါး အတွင်းလူနာအဖြစ် အင်ဖားဆေးရုံ တက်ခဲ့ရ တယ်။ စကားပြောနိုင်ပြီဆိုလို့ သူ့ရဲ့ “သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်ကို အင်တာနက်က (၂၉၊ မတ်လ၊ ၂၀၁၀) ရရချင်း ဖုန်းဆက်မိတယ်။ သူ့သား အမြွှာပူးထဲက အငယ်ကောင် ဖုန်းကိုင်ပါတယ်။

“ဦးသံခဲပါ။ သား ဖေဖေနဲ့ စကားပြောမလို့၊ ခေါ်ပေးပါ” ဆိုတော့ ကိုဦးနဲ့ စကားပြောခွင့်ရတယ်။

“အေး သံခဲ ပြော” အသံက နည်းနည်းတိုးပေမယ့် ရင်းနှီးမှုက ပေါ်လွင်ပါတယ်။ ပထမ ကျန်းမာရေးအခြေအ နေ၊မိသားစု ... စတဲ့ ထွေရာလေးပါးပြောကြတယ်။ အကောင်းပကတိ မဖြစ်သေးသော်လည်း ပီပီသသ ပြော နိုင်တယ်။ စကားတော့ ပြောနိုင်ပြီ ခြေ၊ လက် ကောင်းကောင်းလှုပ်မရလို့ လေ့ကျင့်ခန်းလုပ်နေရတယ်။

ကျနော်က “ကိုဦး ကျနော် အခု သံချပ်ခေါင်းစဉ် ‘သူသေ ကိုယ်ရှင် တိုက်ပွဲဝင်’ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး စာတပုဒ်ရေးမလို့။ ဆရာဂျမ်းကိုလည်း ဂုဏ်ပြုချင်တယ်။ ခင်ဗျားကိုလည်း ဂုဏ်ပြုချင်လို့။ အဲဒါရေးပြီး ပို့လိုက် မယ်” ဆိုတော့ ...

“အေး ... ကောင်းတယ်ကွာ။ ရေးပါ ရေးပါ” လို့ ဖြေတယ်။

ကျနော် တယ်လီဖုန်းချပြီးတာနဲ့ ‘ငါ စိတ်ထဲရှိတုန်း အချိန်ရတုန်း အမြန်ချရေးမှဖြစ်မယ်။ တော်ကြာ နေ့ရွှေ့၊ ည ရွှေ့ ဖင်လေးနေရင် ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်တော့ဘူး’ ဆိုပြီး ချက်ချင်း ဒီစာကို ရေးရပါတော့တယ်။

ဟုတ်ပါတယ်။

ကျနော်တို့တတွေ ဘ၀တွေကို ငြမ်းခင်းအဖြစ် သဘောထားရင်း “သူသေ ကိုယ်ကြေ” တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် သူလည်း မသေသေးပါဘူး။ ကျနော်တို့လည်း မကြေသေးပါဘူး။ ရှင်လျက်ပါပဲ။ သူသေ၊ ကိုယ်ရှင် ဖြစ်ဖို့ တိုက်ပွဲဝင်ဆဲဆိုတာ ဆရာဂျမ်း သိစေချင်ပါတယ်။

နောက်ပြီး အခုလို ၂၀၁၀ ဆိုတဲ့ နိုင်ငံရေးကာလကြီးမှာ ဆရာပေးမယ့် မစ်ရှင်ရဲ့ နာမည်ကို ကျနော် ဉာဏ်မီသ လောက် စိတ်ကူးနဲ့ စကားလုံးတွေကို ရွတ်အော်ကြည့်ပါတယ်။ ဆရာ ကျနော့်ကို ပြောပြခဲ့တဲ့ “သူသေ၊ ကိုယ် ရှင် တိုက်ပွဲဝင်” ဆိုတဲ့ စကားလုံးကို မယှဉ်သာပါကြောင်း ရိုးသားစွာ ၀န်ခံချင်ပါတယ်။

သူသေ ကိုယ်ရှင် တိုက်ပွဲတဲ့လား ဆရာ ...။

စကားလုံးသခင် ဆရာရှင်ကား ကွယ်လွန်ခဲ့ပြီ။
စကားလုံးကို အသုံးပြုတဲ့ သံချပ်ဆရာ မြတ်ထက်ကား နလန်ထစ ရုန်းကန်တိုက်ပွဲဝင်ဆဲဖြစ်တယ်။
တိုင်တယ် အပြောခံ စာရေးသူ ကျနော် ရဲဘော်သံခဲကား ရှင်လျက်နဲ့ မကြေ၊ မသေအောင် ကြိုးစားတိုက်ပွဲဝင် နေရပါတယ်။

သံခဲ
၂၀၁၀ ခုနှစ် မတ်လ ၃၀ ရက်

- Posted using BlogPress

No comments:

Post a Comment