Monday, April 12, 2010

၂၀၁၀ ပိတောက်





၂၀၁၀ ပိတောက်
ကမာပုလဲ

နှစ်ရှည်လများ ဘယ်လိုအရပ်မျိုးမှာ
ခိုးခိုးပြီးပွင့်နေပါသလဲ အို … ပိတောက်
ငါ့ရဲ့ ရွှေအိုရောင် ပိတောက်တမ်းချင်းမှာ
အိပ်မက်တွေထဲ …
မင်းဟာ … အစိမ်းရောင်တွေနဲ့ ပွင့်တယ်။

ငါဟာ …
စိတ်ကူးယဉ်တောလား ရေးဖွဲ့ကျွမ်းသူ မဟုတ်ပါဘူး
ခေတ်တခေတ်ကို စေ့ငုကြည့်တဲ့အခါ
ရိုးပြတ်နဲ့ စက်ရုံကျေးလက်တွေထဲ ….
ငါ … မင်းကိုရှာခဲ့တယ်
ဧပြီလတိုင်းမှာပေါ့ …
စိတ်ကောက်ပြီး အရွဲ့တိုက်ပွင့်နေလည်း
စစ်မှန်တဲ့ မင်းရဲ့ကိုယ်သင်းရနံ့က …
ငါ့အပေါ် ထာဝရ မွေးမြနေဆဲမို့ပါ …။

ငါဟာ …
သူငယ်နှပ်စားတယောက်
(ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)
ဒါပေမယ့်
မင်းကိုတော့ …
ငယ်ဘ၀ရဲ့ တပ်မက်မှုမျိုးနဲ့
ရိုးသားစွာ … ချစ်ခဲ့တယ်။

မရယ်နဲ့ … မာရီယာ
မင်း မရယ်ပါနဲ့ …
နှင်းတွေရဲ့ အနက်ရှိုင်းဆုံးအောက်ခြေထုမှာ
ဇာဘုရင်စနစ်ဆိုးကို သင်္ချိုင်းပို့ပစ်ခဲ့တဲ့
အောက်တိုဘာပန်းပွင့်တွေ … ပွင့်ခဲ့တယ်။

အေး … ဒီလိုပဲ
ငါတို့အရပ်ရဲ့ နွေဦးမတ်လတွေမှာလည်း
ဖက်ဆစ်ကို …
အမြစ်လှန်ပစ်လိုက်တဲ့ နှင်းဆီနီတွေ ပွင့်တယ်၊
များမကြာမီမှာ…
ပိတောက်တွေက ဂုဏ်ပြုအမှတ်တရ ပွင့်တယ်၊
ဒါဟာ …
ဖျောက်ပစ်လို့မရတဲ့ အစစ်အမှန် သမိုင်းပဲ …။

ငါ … ယုံကြည်တယ်
၂၀၁၀ မှာ …
မင်းဘာသာ ဘယ်နေရာမှာပဲ ပွင့်ပွင့်
အဲဒီပိတောက်တွေဟာ …
အေကေသေနတ်တလက်ရဲ့
တရားမျှတတဲ့ ဆာလောင်မွတ်သိပ်မှု သေနတ်ပြောင်းဝမှာ
သူ့ချစ်သူ ကျည်ရိုက်တံ မောင်းတုံးနဲ့
လှလှပပ ပွင့်လိမ့်မယ် …။ ။

ကမာပုလဲ
ဧပြီ၊ ၂၀၁၀။


- Posted using BlogPress

4 comments:

  1. သင်္ကြန်ဆိုတော့ပြောရဦးမယ်။ရှေ့ တန်းထွက်ရင်းတခူးနွေရဲ့ ပူပြင်းမှုတွေကြောင့် နောက်နှစ်အတွက်တောင်ယာခုတ်ထားတဲ့မီးလောင်ပြင်ကြီးကိုဖြတ်ရတာပူပြင်လို့ နေပေါ.။ မောလည်းမောဟိုက်၊ ဒီလိုနဲ့ -ဟိုးအဝေးကမြင်နေရတဲ့ထင်းရူးတောတန်းနဲ့ ဝါးရုံစိမ်းစိမ်းလေးထဲအရောက်သွားပြီးနားမှပဲဆိုပြီးအားတင်းရင်းသေနတ်ကိုထမ်း-- ၀ါးရုံစိမ်းစိမ်းလေးအောက်မှာ ပူအိုက်လွန်းလို့ ဆောင်းထားတဲ့ ဦးထုတ်ကိုချွတ်ပြီးယက်ခတ်ပြီး လေးနုအေးလေးကိုမျှော်ရှိုက်ရင်း--ရုတ်တရက်--ဗွမ်းဆို--ကျနော့ကျောပြင်ပေါ်သို့ အေးစက်လှတဲ့သင်္ကြန်ရေအေးလေး-ရင်ကိုလန်းဆန်းသွားတာပဲ-- ဘယ်သူလည်းလို့ ကြည့်လိုက်တော့--တောင်ပေါ်ကရင်ရွာထဲက ကလေးလေးတစ်ရောက် ကျနော့ကိုပြုံးပြီး-လက်တဘက်မှာလည်း ၀ါးဆစ်ဘူးလေးကိုင်လို့ --ကျနော့်တော်လှန်ရေးဘ၀မှာ-အဲဒီလိုရှားပါးတဲ့သင်္ကြန်လေးကိုသတိရနေဦးမှာပါ။

    ReplyDelete
  2. ငသန်းရွှေကတော့ ဇင်ဘာဘွေနိုင်ငံလိုမျိုးအပေါက်ချိုးနေတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်း စစ်အာဏာရှင်မူဂါဘီနဲ့ အတိုက်အခံ
    ခေါင်းဆောင်မော်ဂင်ချန်ဂရိုင်းတို့ရဲ့ နိုင်ငံရေဒပြသာနာကိုပဲ
    ကြည့်လေ-မဲအရေအတွက်အရ မော်ဂင်ချန်ဂရိုင်းက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် မူဂါဘီကအာဏာမအပ် ဘူးလေ။ဒုတိယအကြိမ်ရွေးကောက်ပွဲလုပ်တော့-မော်ဂင်ချန်ဂရိုင်းက၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ-စစ်အာဏာရှင်မူဂါဘီက အရှက်မရှိ၊ပြိုင်ဘက်မရှိအနိုင်ရခဲ့တယ်။သို့ သော်လည်း နိုင်ငံရဲ့စီးပွားရေး၊လူမှုရေးတွေကမပြေလည်သွားတဲ့အပြင်ပိုလို့တောင်အကြတ်ရိုက်ခဲ့ရတယ်မဟုတ်လား။နောက်ဆုံးအာဖရိကမှာရှိတဲ့ဒေသဆိုင်ရာအသိုင်းအ၀ိုင်းကဖိအားပေးလို့ မော်ဂင်နဲ့ မူဂါဘီ အာဏာခွဲဝေရေးကိစ္စတွေမလုပ်မဖြစ်လုပ်လာရတယ်မဟုတ်ပါလား။ ငသန်းရွှေက အဲဒီလိုဂွင်ရအောင်ဖမ်းနေသလားတော့မပြောတတ်ဘူး။သို့ သော်ဝေဘန်ဘို့နဲ့ ဆင်ယှဉ်ဘို့ အတွက်ပါဘဲ။

    ReplyDelete
  3. အမယ်လေး ကိုကမာပုလဲ..

    အင်း .. အေကေ တွေ ပါနေမှတော့ ဟိုဟာ လက်ချက်က သူများလားလို့.. ပြန်စဉ်းစားတော့ .. အမယ် ဟုတ်မှ မဟုတ်ပဲ.. သူက ဟိုး အမေ့အိမ်နဲ့ အဝေးကြီးမှာ လိမ္မာစွာ မိန်းမနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း ... အသက်ရှင်နေတဲ့ ကမာကောင်း ချောချောလေးပဲ... ကဗျာတွေ စပ်ပြီး မျက်ရည်တော့မကျနဲ့နော် .. ကမာကောင်ကလေး.. ဟဲ ဟဲ

    ဗေဒါမ

    ReplyDelete
  4. အမလေး မဗေဒါရယ် သူက ကလေးတွေ (သူများသားသမီးတွေ)ကို ထိန်းသိမ်းစောင့်ရှောက်ရတာတော့ မှန်ပါတယ်။ ပြီး ကျနော်က လိမ္မာရေးခြား ရှိတဲ့ကောင်လည်း မဟုတ်ပါဘူး။ လူမိုက် မဖြစ်အောင်ကြိုးစားနေတယ်လို့ သိရတယ်။ သူက ရင်ကွဲနေတဲ့ ကမာပါ ....
    အသိတယောက်...

    ReplyDelete