Sunday, August 8, 2010

ရှစ်လေးလုံး … နှစ်ဆယ့်နှစ်

ရှစ်လေးလုံး … နှစ်ဆယ့်နှစ်
ကမာပုလဲ

မနက်ဖြန်ဟာ
ရှစ်လေးလုံးကို ခေါ်ဆောင်လာလိမ့်မယ်
ဝင်းမော်ဦးလည်း ပါတယ်ပေါ့ …။

တယောက်တမျိုး ပြောကြတယ်
တဦးချင်း အကျိုးစီးပွားတွေကလည်း ဒုနဲ့ဒေး
နီရဲအောင် ခတ်ခဲ့တဲ့ လက်မောင်းတွေကလည်း
ခုဆို အပြာရောင်သမ်းလို့ …။

အကျိုးစီးပွားဆိုတာက
ဆွေမျိုးအပေါ် အခြေမခံဘူး
အတန်းအစားပေါ်မှာ အခြေခံတယ် …
စာမတတ်တဲ့ လယ်သမားအဖိုးအိုကြီး ပြောမှ
ငါ့ဘ၀အသိ သူငယ်နှပ်စားနိုင်ခဲ့ပုံ …။

နှစ်ဆယ့်နှစ်နှစ်တဲ့
တကယ်ရင်းနှီးမြုပ်နှံလုပ်ခဲ့သူတွေ …
နှစ်ဆယ့်နှစ်နှစ်တဲ့
ဘီလူးစည်း၊ လူ့စည်း ကွဲခဲ့ပုံတွေ ...
နှစ်ဆယ့်နှစ်နှစ်တဲ့
ရှင်ခြင်းနဲ့ သေခြင်းကို
တိုက်ပွဲဝင် မြင့်မြတ်ခဲ့သူတွေ …။

ရိုးရှင်းနုပျိုနေတဲ့ မျက်နှာလေးတွေက
ရှစ်လေးလုံး သမိုင်းအဖြစ်အပျက်ကို မေးတဲ့အခါ
မေမေရယ် ...
ကျနော်ပြန်ဖြေတဲ့ စကားလုံးတွေမှာ
မျက်ရည်တွေအတိ
ဂုဏ်ယူကြည်နူးမှုတွေအတိ ။ ။

ကမာပုလဲ
(၀၇၊ ၀၈၊ ၂၀၁၀)

No comments:

Post a Comment