Thursday, August 12, 2010

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၂)

                          ၈.၈.၈၈
၁၉၈၈ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားလာခဲ့ပြီး နောက် တနိုင်ငံလုံးအနှံ့ရှိတက္ကသိုလ်များ ကောလိပ်များနှင့် အခြေခံပညာကျောင်းများသို့ပါ ကူးစက်သွားကာ ဇွန်လ အလယ်လောက်မှာပင် ကျောင်းများကို ပြန်ပိတ်လိုက်ပါသည်။ ဇွန်လ တွင်မူ ဇွန် ၂၁ မြေနီကုန်းအရေးအခင်းမှာ သမိုင်းမှတ်တမ်းတင်လောက်အောင်ပင် မဆလ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုက ပြင်းထန်ခဲ့ပေသည်။ ကျနော့် မှာမူ ယင်းလှုပ်ရှားမှုတွင် ကိုယ် တိုင်ကိုယ်ကျမပါဝင်ခဲ့ပါ။ ဤသို့ဖြင့် ဇွန်အရေးအခင်းပြီးသွားပြီးနောက် နယ်မှသွားတက်သော ကျောင်းသားများလည်း ကိုယ်မြို့ကိုယ်ရွာအသီးသီးသို့ ပြန်လည်ရောက်ရှိလာ ခဲ့ပြန်ပါသည်။

ထို ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တက္ကသိုလ်ကျောင်းများသည် ဖွင့်လိုက်ပိတ် လိုက်ကျောင်းသားများကလည်း သွားလိုက်ပြန်လိုက်ဖြစ်နေခဲ့သည်။ ထိုသို့ကျောင်းများပြန် ပိတ်ပြီးနောက် မင်းကိုနိုင် အမည်ဖြင့်ရေးသားသော ကျောင်းသားလှုပ်ရှားမှုကဗျာများ ဦး အောင်ကြီး၏ ၄၁ မျက်နှာပါ ဦးနေ၀င်းသို့ ဗိုလ်ချုပ်ကြီးခင်ဗျား ဟု အမည်ခေါ်ဝေါ်သုံးစွဲကာ ရေးသားသောစာများနယ်များအထိ ပျံ့နှံ့လာခဲ့သည်။ ဦးအောင်ကြီး၏စာမှာ အဓိကအားဖြင့် ၁၉၆၂ က တက္ကသိုလ်သမဂ္ဂဗုံးဖေါက်ခွဲဖျက်ဆီးမှုတွင် သူမပါဘူးဟု ငြင်းချက်ထုတ်သွား တာသာ တွေ့လိုက် ရပါသည်။ ဦးနေ၀င်းကလည်း ဇူလိုင်လ ၂၃ ရက်မဆလပါတီ အရေးပေါ် ညီလာခြုံပုလုပ်သောအခါ ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးဖေါက်ခွဲမှု သည် ၄င်းတွင်လဲတာဝန်မရှိသလိုလို ဦးအောင်ကြီးနှင့် အပြန်အလှန် ဘောလီဘောပုတ် နေခဲ့သည်။ ထိုနောက်ဦးနေ၀င်းက နောင်ဆူဆူပူပူလုပ်တဲ့သူတွေ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်ချောက်တာမပါဘူး ဟု ဒုတ်ကြိမ်းဒါးကြိမ်း ကြိမ်းသွားသည့် သမိုင်းဝင်မိန့်ခွန်းကို ပြောသွားကာ သူ့ရဲ့နိုင်ငံရေးခရီးကို နိဂုံးချုပ်သွားခဲ့သည်။ ဇူလိုင်လ အကုန်ပိုင်းလောက်တွင် ရန်ကုန်၌ ရွှေတိဂုံရင်ပြင် ပေါ်တွင် ၀ါဆိုလပြည့်နေ့တွင် ပြောက် ကျားဆန္ဒပြပွဲများ ဆက်လက်ပေါ်ပေါက်ခဲ့ပြီး ၈ ရက် ၈ လ ၈၈ တွင် တနိုင်ငံလုံးဆန္ဒပြပွဲများ ပြုလုပ်မည်ဟုလည်းသတင်းများပေါ်ထွက်လာခဲ့သည်။

မိမိတို့နယ်များသို့ပြန်လည်ရောက်ရှိနေသောကျောင်းသားများ လည်းကိုယ်နယ် အတိုင်းအတာနှင့်ကိုယ် တတ်နိုင်သမျှလှုပ်ရှားနိုင်ရန် စိတ်တူကိုယ်တူသူများ ကြိုတင်ညှိနှိုင်းမှု များ ပြုလုပ်ပြင်ဆင်ကြသည်။ ကျနော်တို့မှာ ကျောင်းပိတ်ရက်များတွင် နယ်သို့ပြန် ရောက် သည့်အချိန်တိုင်းလိုလို၌ တခါတရံစကားလက်ဆုံကျတတ်သော မော်လမြိုင် တက္ကသိုလ်မှ ရုက္ခှဗေဒ တတိယနှစ် ကျောင်းသားကိုတင်လေး အပါအ၀င် နိုင်ငံရေးစိတ်ပါဝင်စားသော ထားဝယ်မှ မော်လမြိုင် တက္ကသိုလ် ရန်ကုန်တက္ကသိုလ်တို့တွင် တက္ကသိုလ် ကောလိပ် အသီး သီးသွားတက်နေကြသူ အချို့တို့ စုစည်းမိကြသည်။ ကျနော်မှတ်မိသလောက်ပြောရလျှင် ကျ နော်တို့အိမ်သို့သြဂုတ်လ ၁ ရက်နေ့တွင် ကိုတင်လေး နှင့် နောင်ကျနော်အမည်မဖေါ်ပြနိုင် သူ တယောက်တို့ ကျနော့်အိမ်သို့ေ၇ာက်ရှိလာပြီး ကျော်ထင်ဘယ်လိုလဲ ဘယ်လိုလုပ်ကြမ လဲဟု မေးသည်။ ကျနော်က ကျနော်အနေဖြင့် လှုပ်ရှားရန်ဆန္ဒရှိကြောင်း သဘောတူကြောင်း ပြောပါသည်။ သို့သော် ယခုပြင်ဆင်နေစဉ်ကာလတွင် ကျနော့်အနေဖြင့် သိတ်ပေါ်ပေါ်တင် တင်မလုပ်ဆောင်နိုင်ကြောင်း ကျနော့်မှာ ကျောင်းထုတ်ခံထားရတာ တမြို့လုံးသိကြောင်း အာဏာပိုင်တွေလည်းသိကြောင်း ကျနော်လှုပ်ရှားတာနဲ့ အဖမ်းခံသွားရနိုင်ကြောင်း သို့သော်တကယ်တန်း ရှစ်ရက်နေ့ရောက်လို့ဆန္ဒပြပွဲများဖြစ်ပွားလာလျှင် မပါမှာမပူနဲ့ဟု ပြောပါသည်။ ကိုတင်လေးက သိတ်အားမရပါ။ သူက ဒါဆိုရင် ပြင်ဆင်ရေးကာလမှာ မင်းဘာ တွေပါမလဲဟု မေးပါသည်။ (ဒီကကြည့်လျှင်မြေအောက်ပေါ့) အစည်းအဝေးများလုပ်လျှင် တက်ပေးမည် အကြံအဉာဏ်များပေးမည်ဟု ပြောရာ ကျနော်တို့ အစည်းအဝေးတခုလုပ်ရ အောင်ဟု သူကပြောပြီးဘယ်မှာ လုပ်ကြမလဲဟု မေးပါသည်။

ပထမဆုံးအကြိမ်အစည်းအဝေး ကို ကျနော်တို့ နောက်ပိုင်းတွင်သပိတ်စခန်းလုပ်ဖြစ်ခဲ့သည့် ထားဝယ်မြို့ဇေယျဝတီကျောင်း တိုက်တောင်ဘက်စောင်းတန်းတွင် သြဂုတ်လ ၃ ရက်နေ့၌ ဆုံရန် အဲဒီမသွားမီ သွားရန်လမ်း မှ လက်ဘက်ရည်ဆိုင်တဆိုင်တွင် ၉ နာရီကျော်ကျော်ခန့်တွင် ဆုံရန် သူနှင့်ကျနော်က ကျနော်တို့ယုံကြည်စိတ်ချသူ အကြံအဉာဏ်လည်းပေးနိုင်သူ တယောက်စီကို ခေါ်ခဲ့ရန် သဘောတူညီခဲ့ကြသည်။

သြဂုတ်လ ၃ ရက်နေ့တွင် ကျနော်တို့ ၉ နာရီခန့်တွင် သတ်မှတ်ထားသည့် လက် ဘက်ရည်ဆိုင်၌ တွေ့ဆုံ၍ နောက်တဆင့်သတ်မှတ်ထားသည့် ဇေယျဝတီကျောင်းဝင်း တောင်ဘက်စောင်းတန်းသို့သွားကာ အစည်းအဝေးပြုလုပ်ကြသည်။ ကျနော်က ကျနော်တို့ RIT တက်ဘက် ရဲဘော်မျိုးသိန်း (နောက်ပိုင်းတွင် ABSDF နှင့် ယခု ကနေဒါနိုင်ငံ တွင်အခြေချနေထိုင်) အားခေါ်သွားခဲ့ပြီး ရဲဘော်တင်လေးက ကိုအောင်မျိုးမြတ် (သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား) တို့ကို ခေါ်လာခဲ့ကြသည်။ ကျနော် တို့ပြင်ဆင်ရေးအတွက် ဘာတွေပြုလုပ်ကြမည်နည်းဟု ဆွေးနွေးညှိနှိုင်းကြသည်။ လက်ကမ်း ကြော်ငြာများရေးသားဖြန့်ချိလှုံ့ဆော်ရန် သဘောတူကြသည်။ ကိုတင်လေးက ယင်းအတွက် ၄င်းတို့လုပ်ထားမည်ဟု ပြောပါသည်။ နောက်ထပ်တကြိမ် ထပ်မံတွေ့ဆုံရန်လည်း သဘော တူခဲ့ကြပြီး ၅ ရက်နေ့တွင် လောကမာရဇိန် ဘုရားကြီးဝင်း (နောင်ဆန္ဒပြပွဲစတင်သောနေရာ နှင့် ဟောပြောပွဲများ အချိန်အတော်အကြာပြုလုပ်သောနေရာ) မြောက်ဖက်စောင်းတန်းတွင် ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြသည်။ ၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံသောအခါ ဆန္ဒပြပွဲ များပြုလုပ်မည့်အချိန်အတိအကျကို ၈ ရက်နေ့မနက် ၈ နာရီတွင် စတင်ပြုလုပ်ရန် သဘော တူညီခဲ့ကြသည်။ ကိုတင်လေးက ကျနော့်ရဲ့ပါဝင်မှုကို ထိုထက် ထဲထဲဝင်ဝင်ပိုဖြစ်စေချင်နေ သည်။ ကျနော်က အစည်းအဝေးများတွင်သာ တက်ပြီးနောက်ပိုင်းလုပ်ဆောင်မှုတွင် ပါဝင်မှု နည်းနေသေးခြင်းကိုသူကသိတ်အားမရ။ ကျနော်က ကျနော်အခုအခြေအနေမှာ ဒီလောက်အ တိုင်းအတာသာပါထားနိုင်မယ် ဆန္ဓပြပွဲမဖြစ်ခင် ကျနော်အဖမ်းမခံနိုင်သေးဘူးဟု ပြောပါ သည်။ ၆ ရက်နေ့ညနေပိုင်းသို့ရောက်သောအခါ လမ်းတွင် စက်ဘိန်းစီးသွားရင်တွေ့ကြ တော့ ကိုတင်လေးက ဘယ်လိုလဲ ငါတို့တော့လုပ်ထားပြီးပြီဟု ပြောပါသည်။ မင်းပါမှာသေ ချာတယ်မဟုတ်လား ဟု ထပ်မေးပါသည်။ စိတ်သာချဗျာ ဟုကျနော်ကပြောလိုက်ပါသည်။


ကျနော်လည်းကျနော်နည်းကျနော့်ဟန်ဖြင့် ဆက်လက်စည်းရုံးရေးဆင်းနေခဲ့ပါသည်။ ရန်ကုန်တွင် ကျောင်းတက်ဘက် RIT ကျောင်းသားများသို့သွားသည်။ ကိုစိုးတင့်မှာ ထောင်မှပြန်လွတ်လာ၍ ထားဝယ်အိမ်တွင် ပြန်ရောက်လာပြီဖြစ်၍ သူ့ဆီသို့ ၇ ရက်နေ့ည တွင်သွားသည်။ သူ့အမေက လာခေါ်ပြန်ပြီဟု ဆိုသည်။ စိုးတင့်ကတော့ ထွက်တွေ့ပါသည်။ မနက်ဖြန်ကျရင်တော့ ငါကတော့ ဆက်လက်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း မင်းးဆန္ဒရှိရင်လာခဲ့ ဖို့ ဟုပြောပါသည်။ မင်းဘာသာမင်းဆုံးဖြတ်ပါဟု ပြောပြီးပြန်လာခဲ့သည်။ လမ်းတွင် RIT ကျောင်းသားငယ်တဦးနှင့် တွေ့၍ အစ်ကိုဘယ်လိုလဲ စာတွေ့တော့ပျံ့နှံ့နေပြီ မနက်ဖြန် ၈ နာရီ ဖြစ်လားဟု မေးပါသည်။ ဖြစ်ဖို့များတယ် အစ်ကိုတော့လှုပ်ရှားဖြစ်ဖို့များတယ်ဟု ပြော လိုက်ပါသည်။ ကိုမျိုးဝင်းဆီကိုတော့ မသွားဖြစ်ပါ။ သူကလည်း သူ့အမေက တားသည်ဟုသာ သတင်းသဲ့သဲ့ကြားပါသည်။ ကျနော်အိမ်ပြန်ေ၇ာက်ရေမိုးချိုး ထမင်းစားပြီးနောက် အိပ်ရာခင်း နေချိန်တွင် ကိုမျိုးသိန်းရောက်လာသည်။ ဘယ်လိုလဲဟုမေးပါသည်။ အဲဒီအချိန်မှာ အဖမ်းခံ ထားရတာ ၂ ယောက်ရှိနှင့်နေရာ အဲဒီကိစ္စကို ကိုမျိုးသိန်းကမေးတော့ အဲဒီ ၂ ယောက်က တော့ ကိုတင်လေးရဲ့ လူတွေပဲ သူကလည်း ငါ့ကို ငါမလှုပ်ရှားတော့ဘူးပဲထင်နေတယ်။ ငါက လည်း မင်းသိတဲ့အတိုင်း အခြေအနေကြည့်လှုပ်ရှားရတာပေါ့ကွာ။ မနက်ဖြန်တော့လှုပ်ရှားဖြစ် မှာပါ။ ဖြစ်ရင်တော့မင်းလာခဲ့ပေါ့ဟုပြောလိုက်ပါသည်။ ကိုမျိုးသိန်းလည်း အိမ်ပြန်သွားခဲ့ပါ သည်။

ထို ရှစ်လေးလုံးသပိတ်မစခင် ကာလများတွင်ကျနော်က မြေအောက်အစည်းအဝေး များသို့သာ သွားပြီး အဓိကအားဖြင့် လှုံ့ဆော်ရေးကြော်ငြာရေးသားဖြန့်ချိမှုများကို ကိုတင် လေး အဖွဲ့မှသာ တာဝန်ယူလုပ်ဆောင်သွားခဲ့ပါသည်။ ထိုကြောင့်လည်း ကိုတင်လေးက ကျနော့နှင့် ပတ်သက်၍လှုပ်ရှာရန်အလားအလာနည်းကြောင်း ကိုခင်မောင်ချိုနှင့် ပြောဆိုခဲ့မှုကို ကိုခင်မောင်ချို (ခ) ကိုရာမန် (နောင် ABSDF ယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) က ကျနော်တို့၏ ABSDF ဖြတ်သန်းမှုနေ့ရက်များအတွင်း ပြန်၍ ဇာတ် ကြောင်းပြန်ပြောပြခဲ့ပါသည်။ ငါက ၆ ရက်နေ့ညနေက မင်းတို့ အိမ်နားက လဘက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ မင်း ခြင်းခတ်ရာက ခြင်းလုံးလေး ကိုင်ပြီးပြန်လာတာကိုတွေ့ တော့ မင်းဒီလိုအေးအေးဆေးဆေးနေပုံထောက်ရင်တော့ ကိုတင်လေးပြောသလိုပဲ မလှုပ် ရှားနိုင်ဘူးလို့ငါက တွက်ခဲ့တာကွ။

တကယ်တန်း ရှစ်လေးလုံးနေ့ ဆန္ဒပြပွဲများမစတင်မီလေး မှာပင် ကျနော့နှင့် ကိုမင်းဇော်ရွှေ (နောင် ABSDF ယခု နယူးဇီးလန်အခြေချနေထိုင်) ရှစ်နာရီ ထိုး ၁၀ မီနစ်လိုလောက်ကတည်းက ဆန္ဒပြပွဲစတင်ရန်အချိန်းအချက်ပြုထားသည့် ဘုရားကြီး ၀င်း (လောကမာရဇိန်) အတွင်းသို့ စက်ဘိန်းဖြင့် နှစ်ယောက်သားသွား၍ အခြေအနေကြည့် ရာ လောကမာရဇိန်ဘုရား၏ တောင်ဘက်စောင်းတန်းတွင် ရဲများ နံပါတ်တုတ်များကိုင်၍ ထိုင် နေသည်ကို တွေ့ရသည်။ ကျနော်တို့က ကပ်လျက်ရှိသည့် ရွှေတောင်စားစေတီအားပတ်၍ ရှာရာ တောင်ဘက်စောင်းတန်းတွင် ကျနော်တို့ကျောင်းသားအရွယ် ၇ဲဘော်တချို့ထိုင်နေ သည်ကိုတွေ့ရသည်။ သူတို့က ကျနော့်နှင့်မသိ ကိုမင်းဇော်ရွှေနှင့်သိရာ သူကမေးပါသည်။ ဘယ်လိုလဲ ဆန္ဒပြပွဲအခြေအနေ အထာလေးနှင့်မေးသည်။ ဖြစ်မဖြစ်။ သူတို့က ထားဝယ်ကောလိပ်ကျောင်းသားများဖြစ်သည်ဟု တော့ မှတ်မိပါသည်။ သိတ်မကြာမှီမှာပင် လောကမာရဇိန်အရှေ့ဘက်စောင်းတန်း ရဲ့အရှေ့ အုတ်တံတားပေါ်မှ ရဲဘော်လှစိုး (နောင် ABယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) နှင့် ရဲဘော်အောင်သန့် (နောင် AB ယခု ကနေဒါအခြေချနေထိုင်) တို့က ဆန္ဒပြပွဲကို မဆလပါတီအလိုမရှိ တပါတီစနစ်ဖျက်သိမ်းပစ် ဒီမိုကရေစီရရှိရေး ဒို့အရေး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး ကြွေးကြော်သံများဖြင့် စတင် ခဲ့ကြပြီး ကျနော်လည်းစတင်ဝင်ရောက်ကာ ထိုမှတဆင့် သပိတ်က ကျောင်းသား များအများစုရှိနေရာ အထက ၁ ဘက်သို့ ဦးတည်သွားပြီး ကျနော်က အထက ၁ ကျောင်းဝင်းရှေ့အရောက်တွင် ကျောင်းဝင်းရှေ့က အုတ်တံတိုင်ပေါ်တက်၍ ကြွေးကြော်သံ များ တိုင်တည်ကြွေးကြော်၍၄င်း ရဲဘော်ဖုန်းမော်ကျဆုံးမှုအကြောင်းအနည်းအကျဉ်း ပြော ကြား၍ လည်းကောင်းသပိတ်ထဲသို့ ပြောင်ပြောင်တင်းတင်းဝင်ရောက်ခဲ့ပါသည်။ စကားမှာ လည်း အများကြီးဟောပြောနေရန်အချိန်သိတ်မရသေးပဲ ကိုတင်လေး မျက်နှာပိတ်နှင့်က အထက ၁ ကျောင်းဝင်အလွန် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရဲများ မြို့နယ်ကောင်စီဥက္ကဌ ဦးစောရွှေတို့နှင့် သွားရောက်ညှိုနှိုင်းနေပါသည်။ ခဏအကြာတွင်တော့ အာဏာပိုင်များမှ ပိတ်ဆို့သွားသည်များရုတ်သိမ်းပေးလိုက်ပါသည်။

ကျနော်တို့တမြို့လုံးအနှံ့ဆန္ဒပြကြပါ သည်။ ရဲစခန်းတွင် စာရွက်ဖြန့်၍ အဖမ်းခံထားရသူ ၂ ဦးကိုသွားထုတ်ပါသည်။ ထိုရဲစခန်း အုတ်နံရံတွင် နောင် ထားဝယ်တမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂဒုဥက္ကဌဖြစ်လာသူ ကိုအတာ (ရန်ကုန်တက္ကသိုလ်) ကတ၇ားတက်ဟောပါသည်။ ထိုနောက်ကိုတင်လေးက ကျနော်နှင့်လာတွေ့ပြီးဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဟု ဆွေးနွေးပါသည်။ ကျနော်က သပိတ်ကို ဘုရားကြီးဝင်းအတွင်းသို့သာ ဦးဆောင်ခေါ်ယူသွားရန်နှင့် ထိုနေရာတွင် ဟော ပြောပွဲကျင်းပကာ လမ်း၏အရှေ့ဘက်ခြမ်းရှိ ကျနော်တို့ အစည်းအဝေးလုပ်တဲ့နေရာ ဇေယျဝတီကျောင်းတိုက်တွင် ညအိပ်၍ စခန်းချရန် ကျနော်က အကြံပြုရာ မင်းဦးဆာင်ပြီး တော့ လုပ်နှင့်ဦးဟု သူကပြောပါသည်။ ကျနော်သည် ရဲစခန်းမှအပြန် ဘုရားကြီးဝင်းအတွင်း မ၀င်ခင် အုတ်တံတားကြီးလမ်းဆုံ (နောင်တွင် သပိတ်ခေါင်းဆောင်များဖြစ်သည့် ဦးပန်းကျော်ဦးချမ်းလှ နှင့် ကျောင်းသားဟောင်းများအဖွဲ့မှ ကို----(ကျနော်အမည် မမှတ်မိ ဘဲဖြစ်နေ။ ကျနော်တောထဲမထွက်ခင်တွေ့ဆုံခဲ့သူ။ ) နှင့် အရပ်သားအမျိုးသမီး တဦးဈေးမှအပြန်သေနတ်ထိမှန်ကျဆုံး စသူတို့ အာဏာသိမ်းပြီးနောက်တနေ့တွင် ကျဆုံးခဲ့ကြသည့်နေရာ) တွင်လည်းကောင်း ကျနော်တက်ခဲ့သည့် အထက ၄ စသည်တို့တွင် တရားဟောခဲ့ပါသည်။ နောက်ဆုံးတွင် လောကမာရဇိန် နှင့် ရွှေတောင်စားစေတီ ဘုရားကြီး ၀င်းအတွင်းသို့ ရောက်ရှိလာကာ ကျနော်က ယင်းဝင်းအတွင်းသို့ရောက်ရှိစဉ်တွင်မှ ဖုန်းမော်အရေးအခင်းအကြောင်း အကျယ်တ၀င့်ဟောပြောခဲ့ပါသည်။ ထိုအချိန်ကပင် ဆန္ဒပြပွဲသို့ရောက်ရှိလာသူအရေအတွက်မှာ ထောင်သောင်းချီနေခဲ့ပါသည်။ ကျနော့်ဘ၀တွင် ထိုကဲ့သို့ ထောင်ချီသော သူများကို တခါမှမိန့်ခွန်းမပေးဖူးပါ။ ပြောချင်လွန်း၍ စကားများပင် အဆင်ပြေပြေပြောနိုင်အောင်အတော်ကြိုးစားရပါသည်။ လူထု၏ လက်ခုပ်သံများကို ယနေ့တိုင်ကြားယောင်နေဆဲဖြစ်ပါသည်။ ကျနော်ဟောပြောပွဲစင်မြင့်ပေါ်မှ ဦးဆောင်ကြွေး ကြော်ပေးသော တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေးကြွေးကြော်သံများ ကို တက်ရောက်လာသောလူထုကြီးက တပြိုင်နက်ကြွေးကြော်လိုက်သည့် ဘ၀ဂ်ညံသွားသော ကြွေးကြော်သံများ ယနေ့တိုင် ပဲ့တင်ရိုက်ခတ်နေဆဲဖြစ်ပါသည်။
ကျော်ထင်

No comments:

Post a Comment