Thursday, August 12, 2010

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၁)။

                                                       ၈.၈.၈၈
ကျနော်၁၉၈၈မတ်လအရေးအခင်းပြီးတော့ ဧပြီလ ၂၀ ရက်နေ့တွင် ကျောင်းအထုတ် ခံရသည့်စာကို လက်ခံရရှိခဲ့ပါသည်။ ကျနော်တို့ထားဝယ်ကနေ RIT သွားတက်ခဲ့သည့် ကျောင်း သား ၁၀ ယောက်ခန့်အထဲ တွင် ၃ ယောက်အထုတ်ခံရရာ ကျနော်ရယ် ကိုမျိုးဝင်း (အဲဒီအ ချိန်က သူက စက်မှုနောက်ဆုံးနှစ်ကျောင်းသား ယခု ABSDF ဒုဥက္ကဌ) (ကျနော်က ပဉ္စမ နှစ်လျှပ်စစ်စွမ်းအား) နောက်ကိုစိုးတင့်(အဲဒီ ၈၈ ခုနှစ်တုန်းက သူက စတုတ္ထနှစ် စက်မှု ကျောင်းသား ဖြစ်ပြီး ကျနော်တို့ကျောင်းထုတ်သည့်စာလက်ခံရရှိသည့်အချိန်တွင်သူက မတ် လအရေးအခင်းအပြီး 141 အဖြစ်နာမည်ကြီးခဲ့သည့် အဖမ်းခံရသည့်အုပ်စုတွင်ပါသွားခဲ့ ရာထားဝယ်တွင်မရှိ ရန်ကုန်ရှိ အင်းစိန်ထောင်တွင်ရောက်ရှိအကျဉ်းကျနေ) (ယခု ပြည်တွင်း နေထိုင်)ပေါင်း ၃ ဦးကျောင်းအထုတ် ခံခဲ့ရသည်။ ကျောင်းအထုတ်ခံရတော့စိတ်မကောင်း တော့ဖြစ်မိသည်။ သို့သော် မိမိတို့ထက်ပို၍စွန့်လွှတ် အနစ်နာခံသွားကြသည့် ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်၍ အမှန်တရားအတွက် ပြည်သူအတွက် ရဲရဲကြီးဆက် လက်တိုက်ပွဲဝင်ရန်အ တွက်သာ စိတ်ကိုဆုံးဖြတ်ပြင်ဆင်ထားခဲ့သည်။

ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျနော်တို့မှာ ကျောင်းပြန်သွား တက်ခွင့်မရတော့ သူများတွေအလျှိုလျှိုကျောင်းပြန်သွားတက်ရန် ရန်ကုန် မော်လမြိုင်တို့သို့ ကျနော်တို့ကျောင်းတက်စဉ်က သွားနေသလို သွားကုန်ကြသည်။ သို့သော် ကျနော်တို့စိတ် ကသိနေသည့် ဒီတခါကျောင်းပြန်ဖွင့်လည်း ဟုတ်တိပတ်တိ ပြန်ဖွင့်နိုင်လိမ့်မည်မဟုတ်။ ကျောင်းသားလှုပ်ရှားမှုဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ သူများတကာတွေ လေ ယာဉ်ခရီးစဉ်အသီးသီးဖြင့် ကျောင်းသွားတက်ကြသောအခါ ၀မ်းနည်းစိတ်ဖြစ်နေနိုင် မည်ဆို သည်ကို တွက်ချက်မိ၍လားမသိ၊ အာဏာပိုင်များက ကျနော်ရယ် ကိုမျိုးဝင်းရယ်ကို အသနား ခံစာတင် ရန် ချဉ်းကပ်လာပါသည်။ ထားဝယ်မြို့နယ်ပညာရေးမှုးရုံးသည် မိမိတို့နှင့်သိကျွမ်းသူ ဆ၇ာတဦးမှတဆင့် အသနားခံစာတင်ရန်လာရောက်ကမ်းလှမ်းလာပါသည်။ မြို့နယ်ပညာရေး မှုးရုံးသည် ထိုကဲ့သို့သောကိစ္စမျိုးကို အာဏာပိုင်တို့ထံမှလာသော အကြံအဉာဏ်မဟုတ်ပါ ဘဲလျက်မပေးရဲပါ။ မကမ်းလှမ်းရဲပါ။ ထားဝယ်ရှိထောက်လှမ်းရေး ၁၉ (MI 19) မှလာသော အကြံအဉာဏ်သာဖြစ်ပေလိမ့်မည်ဟု ရိပ်စားမိခဲ့ပါသည်။ ထိုအချိန်က သူငယ်ချင်းတွေက လည်းကျောင်းပြန်တက်ဖို့သွားတော့ ကိုယ်ကတက်ခွင့်မရ သွားခွင့်မရတော့ ခါတိုင်းလိုပဲသွား ချင်လာသဖြင့် အသနားခံစာရေးသားတင်ပြရန်သူတို့ခေါ်ယူတွေ့ဆုံသည့် အထက ၁ ကျောင်းဝင်းအတွင်းရှိ ဆရာများအဆောင်တခုသို့သွားရောက်ကာ မည်သို့အသနားခံစာရေး သား တင်ပြရမည်နည်းဟူသည်ကို ပြပေးမည်ဆရာတချို့နှင့်သွားရောက်တွေ့ဆုံခဲ့ရပါသည်။ ထိုဆရာတချို့က ရေးသားပုံရေးသားနည်း ရေးသားရန်စိတ်ကူး စသည်တို့ကိုပြောဆိုကာ ကျနော်တို့ကရေးသားခဲ့ကြပါသည်။ ကျနော်ရယ် ကိုမျိုးဝင်းရယ် သွားရောက်တွေ့ဆုံကာရေး သားခဲ့ခြင်းဖြစ်သည်။ ထိုဆရာများက နောက်ဆုံးတွင် မြို့နယ်ရဲစခန်းထောက်ခံစာ ယူရမည်ဟု ဆိုလာပါသည်။ ထိုကျောင်းပိတ်နေစဉ်ကာလတ လျှောက်လုံးတွင် စည်းကမ်းနှင့်အညီ ထားဝယ်တွင်နေထိုင်ကြောင်း မည်သည့်ဆူပူလှုပ်ရှားမှုမှ မလုပ်ကြောင်း ရဲစခန်းထောက်ခံစာ နှင့်ပူးတွဲတင်ပြရမည်ဟု ဆိုလာပါသည်။ ထိုတောင်းပန်စာ ရေးရန် ၂ ရက်လောက်သွားဖြစ်ခဲ့ ပြီး ရဲစခန်းထောက်ခံစာယူရမလားဟု စဉ်းစားနေမိပါသည်။ နောက်ဆုံးတွင် ကျနော်တိတိ ကျကျ ဆုံးဖြတ်လိုက်ပါသည်။ ရဲစခန်းထောက်ခံစာလည်း မယူ တော့၊ ဒီတောင်းပန်စာလည်း မတင်တော့ဘူးဟု။ ထိုအချိန်က ကျောင်းသားလှုပ်ရှားမှုများနှင့် ပတ်သက်၍ ကျောင်းသားလှုပ် ရှားမှုကြောင့် တစုံတရာကျောင်းသားထုတွင်ထိခိုက်နစ်နာမှုများ ရှိနှင့်ခဲ့ပြီးဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြီးကြီးမားမားကြီးတော့မရှိသေးဟု ဆိုချင်ဆိုနိုင်ပေသေးသော အချိန် ကာလပင်ဖြစ်နေသေးသည်။ ဇွန်လအရေးအခင်းပင်ကောင်း ကောင်းဖြစ်မလာသေး။ ငါမှန်လို့လုပ်ခဲ့တာ ဘာလို့တောင်းပန်ရမှာလဲ၊ ဆိုပြီး ငါ့အနာဂါတ်ထိခိုက်ရင်ထိခိုက်ပါစေကွာ ဆိုပီး မတင်တော့ရန် ဆုံးဖြတ်ချက်ချပြီး မတင်တော့ပါ။ အဖေနဲ့အမေက မေးတော့တင် လိုက်ပြီဟု ပြောလိုက်ပါသည်။ သူတို့စိတ်ချမ်းသာအောင်ပေါ့။ ကျနော် ထိုကဲ့သို့ဆုံးဖြတ်ပြီး သိတ်ပင်မကြာလိုက်ပါ ဇွန်လဆန်းတွင် ရန်ကုန်တက္ကသိုလ်တွင် ဇွန်အရေးအခင်းစတင် ဖြစ်ပွားလာခဲ့ပါသည်။

ရှစ်လေးလုံးမတိုင်ခင် ကျနော့်၏ မဆလ အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးစိတ်ဓါတ် နှင့်နိုင်ငံရေးလုပ်ဆောင်မှုတို့နှင့်ပတ်သက်၍ ကျနော်ဂုဏ်ယူဝင့်ကြွားမိသော လုပ်ဆောင်ချက် ၃ ခုရှိပါသည်။ နံပါတ် ၁ လမ်းစဉ်လူငယ် လုံးဝမ၀င်ခဲ့ပါ။ ကျနော် ၁၀ တန်းနှစ်တွင် ကျောင်းက လမ်းစဉ်လူငယ်ဝင်ရမည်ဟု ပြောသည်။ သို့သော်ရပ်ကွက်တွင် ၀င်ထားပြီးသူ ကျောင်းမှာ ထပ်လျှောက်စရာမလိုဘူးဟု ဆရာမက ပြောသောအခါ ကျနော်က ရပ်ကွက်တွင် တကယ် တန်းမ၀င်ထားရပါဘဲလျက် ရပ်ကွက်တွင် ၀င်ထားနှင့်ပြီဟုပြောပါသည်။ မင်းမှာနံပါတ်ရှိလား ဟုမေးသောအခါ ဒီနွေကျောင်းပိတ်တုန်းကပဲ ရပ်ကွက်လမ်းစဉ်လူငယ်ခေါင်းဆောင်က မေး ရန် form ဖြည့်ပြီးပေးထားပါသည်။ နံပါတ်မကျသေးပါဟုပြောလိုက်ပါသည်။ ဆရာမက လမ်း စဉ်လူငယ်ဝင်ထားရန် နောင်အလုပ်တွေဘာတွေလျှောက်ရင်ကောင်းသည်ဟု ပြောပါသည်။ မင်းမှာအဲဒီနံပါတ်တွေဘာတွေမရှိရင် မင်းနစ်နာမှာစိုးလို့ပါဟု ဆရာမကပြောပါသည်။ ရပါ တယ်။ ကျနော်ရပ်ကွက်မှာလျှောက်ထားတာ နောင်နံပါတ်ရလာမှာပါ ဆရာမဟု ပြောကာ ကျနော်လမ်းစဉ်လူငယ်လုံးဝမလျှောက်ခဲ့ပါ။ အဲဒါ ၁၉၈၂ နှစ်လည်ပိုင်းလောက်သာရှိပါသေး သည်။ ကျနော်ဘာဖြစ်လို့လည်းမသိ လမ်းစဉ်လူငယ်ရယ် မီးသတ်ရယ်ကို သိတ်အမြင်ကတ် ခဲ့ပါသည်။ သူများယောင်၍ ကိုယ်ယောင်ကလုပ်နေကြသည့်သူများသာ များပြီး ဘာမှဟုတ်တိ ပတ်တိအဓိပ္ပါယ်ရှိတာတွေမတွေ့ရ၍ဖြစ်သည်။ ကျနော်ရဲ့ လမ်းစဉ်လူငယ်မ၀င်ခဲ့သည့် လမ်းစဉ်လူငယ်မဖြစ်ခဲ့သည့် အဖြစ်ကို ယနေ့တိုင် ကျနော်ဂုဏ်ယူနေပါသည်။ နောင်တခုမှာ ကျနော်အထက်က ပြောသကဲ့သို့ မတ်လ ကိုဖုန်းမော်အရေးအခင်းတွင် တက်ကြွစွာပါဝင်မှု ကြောင့် ကျောင်းအထုတ်ခံရခြင်းဖြစ်ပြီး နောက်ဆုံးတခုမှာ ကျောင်းပြန်တက်ခွင့်ရဖို့အတွက် အသနားခံစာတင်ရန် ပြောဆိုလာခဲ့မှုအား မတင်ခဲ့ရန် ဆုံးဖြတ်နိုင်ခဲ့မှုပင်ဖြစ်သည်။
 
ကျော်ထင်

No comments:

Post a Comment