Tuesday, August 31, 2010

အနှစ်နှစ်ဆယ်ကျော်ကိစ္စ


ကမာပုလဲ

အနှစ်နှစ်ဆယ်ကျော်ဆိုတာ
လူတယောက်ကို
အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ပါသလား၊
ပသို့ဆိုစေ
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
ခုဆို … အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။

အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ
လရောင်ကို ထုံ့ပိုင်းခံယူ ခံစားခဲ့ဖူးတယ်၊
ငြိမ်းချမ်းရေးကို ငတ်မွတ်နေတဲ့
တော်လှန်ရေးစစ်စစ်ကို တောင့်တ
နွေဦးအဆက်ဆက်ကိုလည်း ရင်ခုန်ခဲ့ဖူးတယ်၊
ခြေထောက်မှာ ရွှံ့နွံနံ့နဲ့ ခြေဆီပုပ်နံ့
လျှာပေါ်မှာ ကွီနင်းဆေးပြားရနံ့
ခုထိ မပြယ်နိုင်သေးဘူး
ဒါပေမယ့် ...
ကုန်းပေါ်ပစ်တင်ခံရတဲ့ ငါးတွေလို
ရှူရတဲ့ လေကအစ …
တရားဝင်ခွင့်ကို ဆုံးရှုံးနေတဲ့ အခါသမယ
လည်ပတ်နေတဲ့ သွေးတွေဟာ
မနွေးတော့ဘူး … အေးခဲသွားခဲ့ပြီ
မနီစွေးတော့ဘူး … စိမ်းရင့်ရောင်စိုနေခဲ့ပြီ။

အနီးအဝေးကို ဆန္ဒနဲ့တိုင်းတာခဲ့မယ်ဆိုရင်
ဒီခရီးအတွက်
ပိုင်းဖြတ်ချက်ဟာ
လက်နက်အခါခါချရလိမ့်မယ်
ဝင်္ကပါထဲ …
ခပ်ပါးပါး ထွက်ပြေးနေရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် မသတီစရာလည်း ဖြစ်လာမယ်။

ဘ၀က ဘာလဲ
သေခြင်းတရားက ဘာလဲ
သစ္စာတရားဆိုတာကတော့
ကျနော်တို့ မျက်မှောက်ပြုနေရတဲ့ လေထုနဲ့
စကားလုံးတွေကိုယ်တိုင်က မထိုက်တန်ဘူးလို့ ယုံတယ်။

သူရဲကောင်းတွေက
သူရဲကောင်းအလုပ်ကို လုပ်တယ်၊
သစ္စာဖောက်တွေက
သစ္စာဖောက်တဲ့အလုပ်ကို လုပ်တယ်
ရှင်းပါတယ်၊
ဒါပေမယ့် ...
လူလိမ်တွေအတွက်တော့
ခေတ်က အသုံးတဲ့လွန်းနေတယ် မေမေ …။

ဘာရယ်လို့ မဟုတ်ပါဘူး
တရားကျတယ်လို့ ဆိုရအောင်ကလည်း
ဒါ … ကိုယ့်စိတ်ကြိုက် ကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်း
ဦးဗဂျမ်း ပြောခဲ့သလို
“ချစ်သူတွေ အသက်တိုပြီး မုန်သူတွေ အသက်ရှည်နေကြ” တာလည်း
မဆန်းဘူး၊
တရားမျှတတဲ့ ဇာတ်သိမ်းခန်းဆိုတာ
တနေ့ … အချိန်တန်ရင် မလွဲမသွေ ဆိုက်ရောက်လာမှာ
ကျနော် ...
အခိုင်အမာကို ယုံကြည်တယ် မေမေ။ ။

ကမာပုလဲ
၂၈၊ ၀၈၊ ၂၀၁၀။



http://drlunswe.blogspot.com/2010/08/blog-post_29.html

No comments:

Post a Comment